ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်မြေ ကြေညာချက်သည် လုံခြုံရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အတိုင်း မဟုတ်သကဲ့သို့ ကော်မရှင်ကြေညာသည့် ပမာဏအထိလည်း မရှိဟု တပ်မတော်ဘက်က ပြောကြား

ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်မြေ ကြေညာချက်သည် လုံခြုံရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အတိုင်း မဟုတ်သကဲ့သို့ ကော်မရှင်ကြေညာသည့် ပမာဏအထိလည်း မရှိဟု တပ်မတော်ဘက်က ပြောကြား
Published 20 October 2020

ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်မြေ ကြေညာချက်သည် လုံခြုံရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အတိုင်း မဟုတ်သကဲ့သို့ ကော်မရှင်ကြေညာသည့် ပမာဏအထိလည်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို အောက်တိုဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တပ်မတော်၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အကြံပြုချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများကို ကော်မရှင်က ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၏ ပြောကြားချက်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လုံခြုံရေးအရ အကြံပြုချက်များအား အကြံပြုခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်သည် အဆိုပါအကြံပြုချက်များနှင့် ထပ်တူမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အကြံပြုတဲ့ဟာတွေ ရှိပါတယ်။ ကျွန်တော်တို့ အကြံပြုတဲ့ဟာတွေအတိုင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အကြံပြုတဲ့ဟာတွေ ရှိတယ်။ ပြောချင်တာက ကျွန်တော်တို့ အကြံပြုတဲ့အတိုင်းလည်း မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့အနေနဲ့က ဘယ်နှခု အကြံပြုခဲ့တယ်တို့၊ ဘယ်ဟာတွေ ဟိုဟာပြုခဲ့တယ် ဆိုတာတော့ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ စောင့်ထိန်းရမယ့် စည်းကမ်းတွေရှိလို့ ထုတ်ဖော်မပြောပါဘူး။ ကျွန်တော်တို့ အကြံပြုတာကတော့ သူတို့ ထုတ်ပြန်တဲ့ဟာလောက် မရှိပါဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများက လုံခြုံရေးအရ အကြံပြုချက်များ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပရန် သင့်၊ မသင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဲဒီအကြံပြုချက်တွေအပေါ်မှာ မူတည်ပြီးတော့ သူတို့က ဆုံးဖြတ်တယ်လို့ ပြောတယ်။ ကျွန်တော် ပြောချင်တာကတော့ နံပါတ်တစ်ကတော့ ရွေးကောက်ပွဲကော်မရှင်သည် သူတို့လည်း ပြောနေကျပါ။ လွတ်လပ်တဲ့ ကော်မရှင်ဖြစ်တယ်။ အကြံပြုတဲ့သူက အကြံပြုရတာပဲ ရှိတယ်။ ကျွန်တော်တို့ အကြံပြုတဲ့အတိုင်း လိုက်လုပ်ပါလို့လည်း ကျွန်တော်တို့ ပြောပိုင်ခွင့် မရှိဘူး။ လိုက်မလုပ်ပါနဲ့လို့လည်း ပြောပိုင်ခွင့် မရှိဘူး။ ဆုံးဖြတ်ရတာကတော့ ဆုံးဖြတ်တဲ့သူရဲ့အပိုင်းပဲ ဖြစ်တယ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်တစ်ခုုလုံး ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ် ၁၅ မြို့နယ်နှင့် ကျေးရွာအုပ်စုများကို အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။

Most Read

Most Recent