မဲဆန္ဒနယ်ပြင်ပရောက်သူများ ကြိုတင်မဲပေးနိုင်ရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားနိုင်ကြောင်း ဆောင်ရွက်မှုမှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် မပါသည့် ဆောင်ရွက်ချက်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရန် ရွေးကောက်ပွဲကော်မရှင်သို့ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်စာပေးပို့

မဲဆန္ဒနယ်ပြင်ပရောက်သူများ ကြိုတင်မဲပေးနိုင်ရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားနိုင်ကြောင်း ဆောင်ရွက်မှုမှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် မပါသည့် ဆောင်ရွက်ချက်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရန် ရွေးကောက်ပွဲကော်မရှင်သို့ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်စာပေးပို့
Published 17 October 2020
ပြည့်ဖြိုးအောင်

မဲဆန္ဒနယ်ပြင်ပရောက်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားနိုင်ကြောင်း ဆောင်ရွက်မှုမှာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များတွင် မပါသည့် ဆောင်ရွက်ချက်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၁၅ ရက်တွင် အိတ်ဖွင့်စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာ ၈ ရက်တွင် COVID-19 ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲဖြင့် မဲပေးနိုင်ရန် ပုံစံ-၁၅ များရယူ၍ လျှောက်ထားနိုင်ကြောင်းကို အထူးကိစ္စတစ်ရပ်အဖြစ် အသိပေးကြေညာခဲ့ကြောင်း ပါရှိသည်။

ထို့ပြင်  ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ- ၅၄ တွင် ကြိုတင်ဆန္ဒမဲပေးနိုင်သူအမျိုးအစား ခုနစ်မျိုး သတ်မှတ်ထားကြောင်း၊ နည်းဥပဒေ- ၅၄ (က) ပါ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များအတွက် လုပ်ထုံးလုပ်နည်းကို နည်းဥပဒေ- ၅၆ (က) (၄) တွင်လည်းကောင်း၊ နည်းဥပဒေ-၅၄( ခ၊ ဂ၊ င၊ စ) ပါ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ထုံး လုပ်နည်းနည်းဥပဒေ - ၅၆ (က) (၁) တွင်လည်းကောင်း၊ နည်းဥပဒေ - ၅၄(ဆ) ပါအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ထုံးလုပ်နည်းကို နည်းဥပဒေ- ၅၇ တွင်လည်းကောင်း  ပြဋ္ဌာန်းထားကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

သို့သော် နည်းဥပဒေ - ၅၄ (ဃ) ပါ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များအတွက် မိမိတို့ရောက်ရှိရာ မဲဆန္ဒနယ်မှမူလ မဲဆန္ဒနယ်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြထားခြင်း မရှိပါကြောင်း၊ အပိုဒ် (၁) ပါ ကြေညာချက်အရ မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေ - ၅၄ (ဃ) ပါ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များစာရင်းတွင် အကျုံးဝင်ပါသဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေနည်းဥပဒေ - ၅၆ (ခ) (၁) အရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေ- ၁ ပါအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များသည် မဲပေးပိုင်ခွင့်မဆုံးရှုံးလိုပါက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ - ၅၆ (ခ) (၂) ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရန်သာဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များတွင် မပါရှိသော ဆောင်ရွက်ချက်တစ်ခုကို အရေးပေါ်အနေဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း ကြေညာချက်ပါ မဲဆန္ဒရှင်များအတွက် ယင်းတို့၏ မူလမဲဆန္ဒနယ်ရှိမဲစာရင်းတွင် အမည်စာရင်း ပယ်ဖျက်ပြီးကြောင်း အထောက်အထားနှင့် ကြိုတင်မဲပေးမည့်သူများ၏ စာရင်းကို မြို့နယ်အလိုက် ရွေးကောက်ပွဲမကျင်းပမီဆောလျင်စွာ အတိအလင်း ထုတ်ပြန်ကြေညာပေးသင့်ကြောင်း၊ သို့မှသာ မဲဆန္ဒရှင်တစ်ဦးမှ မဲဆန္ဒနယ်တစ်နယ်အတွက် ဆန္ဒမဲနှစ်ခါပေးခြင်းမျိုးကို ထိရောက်စွာကာကွယ်ပေးနိုင်မည်ဖြစ်ပြီး မဲမသမာမှုများကိုလည်း ကြိုတင်စစ်ဆေးထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့်ကြေညာချက်အပိုဒ် (၃) ပါ မိမိတို့မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အလို့ငှာ မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ- ၁၅ ရယူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားခြင်းသည် သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြထားခြင်းမရှိသည့်အပြင် မဲဆန္ဒရှင်တစ်ဦးမှ ဆန္ဒမဲနှစ်ခါပေးနိုင်မည့်အခွင့်အရေးမျိုး ဖြစ်ပေါ်နေကြောင်းလည်း သုံးသပ်တွေ့ရှိရ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အား ပြန်လည်စိစစ်သုံးသပ်သင့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားကြောင်း သိရသည်။

COVID-19 ကြောင့် မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့် မဲဆန္ဒရှင်များအနေဖြင့် ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် ကြိုတင်မဲပေးခွင့်ပုံစံ (၁၅) ကို ရောက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ဆက်သွယ်လျှောက်ထားနိုင်သည်ဟု ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစံ (၁၅) လျှောက်ထားမှုကို ဇူလိုင်လဆန်းမှ သြဂုတ် ၂၆ ရက်အထိနောက်ဆုံး လက်ခံဆောင်ရွက်ပေးပြီး ဖြစ်သော်လည်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ ထပ်မံဆောင်ရွက်ပေးခြင်းဖြစ်သည်။

Most Read

Most Recent