စီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 17 October 2020

နာပိုလီ - အတ္တလန်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၇:၃၀ နာရီ)

သွင်းဂိုးမုန်တိုင်းတွေနဲ့ ချီတက်နေတဲ့အသင်းနှစ်သင်းဆုံတွေ့မှုပါပဲ။ နာပိုလီအနိုင်ရထားတဲ့အသင်းတွေထက် အတ္တလန်တာ အနိုင်ရထားတဲ့အသင်းတွေက ပိုပြီးကောင်းမွန်ပါတယ်။ လာဇီယိုလိုအသင်းမျိုးကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားတဲ့ပွဲတုန်းက ခြေစွမ်းမျိုးဆိုရင် နာပိုလီကိုလည်း အတ္တလန်တာ ရှိန်နေမှာမဟုတ်ဘူး။ နှစ်သင်းပေါင်း ဂိုးများနိုင်ပြီး နာပိုလီ အမှတ်ရလိမ့်မယ်။   

အင်တာမီလန် - အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၁၀:၃၀ နာရီ)

အင်တာမီလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေ များနေတယ်။ ရှကရီညာ၊ နိုင်ဂိုလန်၊ အက်ရှ်လေယန်း၊ ရာဒူ၊ ဂတ်လီယာဒီနီတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး မီလန်ဒါဘီအတွက် အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ် ပုံမှန်အတိုင်းမလုပ်နိုင်ခဲ့ဘူး။ နိုင်ငံတကာပွဲတွေကြောင့်လည်း နှစ်သင်းစလုံးမှာ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်ချိန်သိပ်မရှိဘူးလို့ ပြောနိုင်ပါတယ်။  လက်ရှိရာသီအစမှာ နှစ်သင်းစလုံး ပုံစံကောင်းပြသနေတယ်။ အေစီမီလန်က ပွဲကျပ်ကာလ ရင်မဆိုင်ရသေးဘဲ (၃)ပွဲစလုံး ပေးဂိုးမရှိ အနိုင်ရထားတယ်။ အင်တာမီလန်က လာဇီယို၊ ဖီအိုရင်တီးနားစတဲ့ မာဂုဏ်မြင့်အသင်းတွေနဲ့ ကစားထားရပြီး ခံစစ်ပိုင်း အားနည်းချက်ရှိတာ မြင်ရတယ်။ နောက်ဆုံး (၆)ကြိမ်ဆုံတွေ့မှုမှာ အင်တာမီလန် အသာစီးရထားပြီး (၄)ပွဲအထိ အနိုင်ရထားကာ ရှုံးပွဲမရှိခဲ့ပေမဲ့ အီဘရာဟီမိုဗစ် ပြန်ပါလာတဲ့ တိုက်စစ်ကြောင့် အေစီမီလန် ရလဒ်ကောင်းနိုုင်တယ်။

ဆမ်ဒိုးရီးယား - လာဇီယို (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၁၀:၃၀ နာရီ)

နောက်ပိုင်းနှစ်တွေမှာ လာဇီယိုက ဆမ်ဒိုးရီးယားကို ငယ်နိုင်လိုဖြစ်လာတယ်။ ဒါပေမဲ့ လက်ရှိရာသီခြေစွမ်းအရ ဆမ်ဒိုးရီးယားက လာဇီယိုကို ယှဉ်ကစားနိုင်ပါလိမ့်မယ်။ ဂိုးပေးနှုန်းမြင့်မားနေတဲ့ လာဇီယိုခံစစ်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ လာဇီယိုက မနှစ်ကလူစာရင်းအတိုင်း သိပ်ပြီးအပြောင်းအလဲမရှိပေမဲ့ မနှစ်ကလိုမျိုး တိုက်စစ်ထက်မြက်မှု ပျောက်ဆုံးနေတယ်။ ဆမ်ဒိုးရီးယား အမှတ်ရပါလိမ့်မယ်။ 

ခရိုတိုနီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၁:၁၅ နာရီ)

ခီယေဆာရောက်ရှိလာလို့ ဂျူဗင်တပ်စ်တောင်ပံတိုက်စစ် ပိုပြီးအားကောင်းလာပါလိမ့်မယ်။ ဒီဘားလား မပါနိုင်သေးဘူးဆိုရင်လည်း ကူလူဆက်ဗ်စကီး၊ ဘာနာဒက်ခီ၊ ကွာဒရာဒိုတို့နဲ့ ဂျူဗင်တပ်စ် ပြဿနာသိပ်မရှိပါဘူး။ ဒါပေမဲ့ အထောင်တိုက်စစ်မှူးနေရာမှာကစားတဲ့ မိုရာတာ ပုံမှန်ခြေစွမ်းပျောက်နေမယ်ဆိုရင် ဂျူဗင်တပ်စ် ဂိုးအများကြီးရမယ်မထင်ဘူး။ 

Most Read

Most Recent