ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယာယီရပ်တန့်ထား၍ မရဘဲ ကပ်ရောဂါကူးစက်မှုများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်ခြင်းနှင့် ရန်လိုမှုများရပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယာယီရပ်တန့်ထား၍ မရဘဲ ကပ်ရောဂါကူးစက်မှုများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်ခြင်းနှင့် ရန်လိုမှုများရပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 16 October 2020
ပြည့်ဖြိုးအောင်

COVID-19 ဆိုင်ရာ စိန်ခေါ်မှုများ၊ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များ ရှိနေသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယာယီ ရပ်တန့်၍ မရဘဲ ကပ်ရောဂါကူးစက်မှုများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်၊ ရန်လိုမှုများ ရပ်တန်းက ရပ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံးပတ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အခါခယ၌ မိန့်ကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဆိုင်ရာ စိန်ခေါ်မှုတွေ ၊ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်တွေ ရှိနေပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ ယာယီရပ်တန့်ထားလို့ရတဲ့ အရာမဟုတ်ဘူး။ ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေရှိနေမှုပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ ၊ ရန်လိုမှုတွေ ပြသနေတာတွေကိုလည်း ရပ်တန်းက ရပ်ကြဖို့ အလေးအနက် ပြောကြားလိုပါတယ် ။ ပြီးခဲ့တဲ့ (၂၁)ရာစု ပင်လုံညီလာခံမှာ ၂၀၂၀ ရွေးကောက်ပွဲတွေ အလွန်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ အပ်နှင်းခဲ့ကြတာဟာ အချိန်ကာလကို ခဏဆိုင်းလိုက်တယ်လို့လည်း မမြင်စေချင်ပါဘူး။ ကျွန်မတို့အားလုံး ပြုနိုင်တဲ့ သဘောတူညီချက် ၊ သစ္စာတရားကို ညီလာခံကြီးမှာ အထင်အရှား ပြုခဲ့ကြတာဖြစ်ပါတယ် ။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ခါးဆက်အပြတ်ခံလို့မရဘဲ တစိုက်မတ်မတ် အချိန်တိုင်း ကြိုးစားနေကြရမှာပါ။ ငြိမ်းချမ်းရေးမရှိလို့၊ ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ တတ်နိုင်သမျှ သက်သာရာရစေဖို့ အချိန်တိုင်း ကြိုးပမ်းနေကြရမှာပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော် အချိန်ကာလနှင့် နှိုင်းစာပါက ပြည်ထောင်စု၏ အနာဂတ်ကို ပုံဖော်နိုင်မည့် လမ်းကြောင်းမှန်တစ်ခုပေါ်ကို ခိုင်ခိုင်မာမာ ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ မိမိအနေဖြင့် အလေးအနက်ထားပြီး ထပ်လောင်းပြောချင်သည်မှာ အမှန်တကယ်သာ အားလုံးက ဆန္ဒပြင်းထန်ပြီး ကြိုးပမ်းမှုများ ထိရောက်မည်ဆိုပါက ရုပ်လုံးအထင် အရှား ပေါ်လာမည့် ပြည်ထောင်စုဆိုသည့် ပုံပန်းသဏ္ဍာန် သက်သက်သာမကဘဲ တိုင်းရင်းသားမိသားစုဝင်များ အချင်းချင်း အကြား အတွင်းစိတ်မနောက အဇ္ဈတ္တ ငြိမ်းချမ်း ချစ်ကြည်မှုကိုပါ ခိုင်မာစေမည့် နိုင်ငံရေးယဉ်ကျေးမှုနှင့်အတူ အနှစ်သာရ ပြည့်ဝသည့် ပြည်ထောင်စုစစ်စစ်ကိုပါ အတူတကွ ထုဆစ်နိုင်ကြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“အခုလို NCA စာချုပ် လက်မှတ်ရေးထိုးမှု ၅ နှစ် ပြည့်ကာလမှာ အချိန်ကာလ နဲ့ ပတ်သတ်ပြီး စဉ်းစားဆင်ခြင်မိတာ တစ်ခုရှိပါတယ် ။ ဒါကတော့ အချိန်ကြာမြင့်အောင် လုပ်ဆောင်ခြင်း၊ အချိန်ဆွဲခြင်းဆိုတာပါပဲ ။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်သလိုမျိုး လုပ်ရာရောက်နိုင်တယ်လို့တောင် မြင်မိပါတယ်။ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့ လုပ်ငန်း၊ တာဝန်ယူရမယ့် နေရာမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး၊ ကိုယ့်ရဲ့ နိုင်ငံရေး၊ ကိုယ့် ရဲ့ ပရိတ်သတ်အကြိုက် အကျိုးစီးပွား ကွက်ကွက်ကလေးကို ဦးစားပေးပြီး အချိန်ဆွဲ ဖင့်နွဲ့ နေမယ်ဆိုရင်၊ ဒီထက်ပိုပြီး ဆိုးတာက ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေမယ် ဆိုရင်တော့ ကိုယ်တာဝန်ခံရမယ့် လူတွေအတွက်၊ ကိုယ်တာဝန်ယူထားရတဲ့ ကဏ္ဍအတွက် တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသနဲ့ ကိုယ့်လူထုကစလို့ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် တာဝန်ရှိတဲ့နေရာ ရောက်နေရင်တော့ ပြည်ထောင်စု တစ်ခုလုံးရဲ့ အနာဂတ်နဲ့ချီပြီး တာဝန်မကျေပွန်သူ ဖြစ်လာနိုင်တယ်ဆိုတာကို အထူး သတိပြုစေလိုပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ကြောင့် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါနေသည့် အဖွဲ့များ၊ NCA လက်မှတ် မထိုးရသေးသော်လည်း ဆွေးနွေးညှိနှိုင်းနေဆဲ အဖွဲ့အစည်းများ အားလုံးအနေဖြင့် အပြန်အလှန် ဆက်သွယ်မှု၊ ထိတွေ့ပြောဆိုမှု၊ ညှိနှိုင်းအဖြေရှာမှုများကို အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆက်တိုက်လုပ်နေကြရမည်ဖြစ်ကြောင်း၊  အထူးအလေးအနက်ထားပြီး ပြောကြားလိုသည်မှာ တိုက်ပွဲများ၊ စစ်ပွဲများ၊ ပစ်ခတ်တိုက်ခိုက်မှုများကိုသာ ရပ်စဲရန် လိုအပ်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို ရပ်စဲခံ၍မရကြောင်း ၊နေ့စဉ် နေ့တိုင်းတွင် ရှေ့ကိုသာ အားသွန်ခွန်စိုက်ချီတက်နေကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးတွင် “စောင့်ကြည့်တာပေါ့ ” ဆိုသည့် သဘောမျိုး မထားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၎င်းချည်းသက်သက် သီးသန့်ဖြစ်နေသည့်လုပ်ငန်းစဉ် မဟုတ်သည်ကို သတိပြုကြစေချင်ကြောင်း၊ COVID-19 ၏ ကျန်းမာရေး၊ စီးပွားရေးစသည့် အကျိုးဆက်များကို မိမိတို့နိုင်ငံနှင့် ပြည်သူတွေကိုယ်တိုင် ရင်ဆိုင်နေရသည့် အခြေအနေ၊ အနာဂတ်အတွက် အရေးကြီးလှသည့် ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပမယ့် ရွေးကောက်ပွဲများ၏ အခြေအနေ၊ ထို့ပြင် အားပြိုင်မှုများနှင့် ပြောင်းလဲလာနေသည့် နိုင်ငံတကာဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေ စသည့် မြောက်များစွာသော ဆက်စပ်အခြေအနေများထဲတွင် မိမိတို့နိုင်ငံ၏ အရေးကြီးလှသော ငြိမ်းချမ်းရေးကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးစားနေကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent