ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများကစားနေခြင်းသည် အန္တရာယ်များပြီး အချို့နိုင်ငံများသည် တာဝန်ယူမှုမရှိဟု FIFPro ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများကစားနေခြင်းသည် အန္တရာယ်များပြီး အချို့နိုင်ငံများသည် တာဝန်ယူမှုမရှိဟု FIFPro ကြေညာ
Photos: Getty Images
Photos: Getty Images
Published 16 October 2020

ကမ္ဘာ့ဘောလုံးသမားများအဖွဲ့အစည်း (FIFPro)၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ယိုနက်စ်ဘဲဟော့ဖ်မန်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနေခြင်းသည် အလွန်အန္တရာယ်များပြားကြောင်းနှင့် အချို့နိုင်ငံများသည် ကစားသမားများ၏ ကျန်းမာရေးအတွက် တာဝန်ယူမှု အပြည့်အဝမရှိကြကြောင်း ထုတ်ဖော်ဝေဖန်သွား ခဲ့သည်။

    

၎င်းက အချို့သောပွဲစဉ်များသည် စီးပွားရေးဆိုင်ရာ ဖိအားများကြောင့် ကစားနေခြင်းဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းများအတွက်ရော၊ ကစားသမားများအတွက်ပါ မည်သည့် အကျိုးကျေးဇူးမှ ရှိမနေကြောင်း ယုံကြည်လျက်ရှိသည်။ 

"ကျန်းမာရေးရှုထောင့်အရရော၊ အားကစားရှုထောင့်အရပါ အလွန်ဝေးကွာနေတဲ့ အခြေအနေဖြစ်ပါလျက်နဲ့ ဒီလိုကပ်ဆိုးကြီးအတွင်းမှာ နိုင်ငံတကာခြေစမ်းပွဲတွေ ကစားနေရတာ အရမ်းအန္တရာယ်များပါတယ်။ နိုင်ငံအသီးသီးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေဟာ ဒီပွဲတွေကို စီးပွားရေးဆိုင်ရာစာချုပ်တွေအတွက် စီစဉ်ပြီး ကစားနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိနေကြပြီး၊ ဘာကြောင့် ကစားသမားတွေဘက်ကို ထည့် မစဉ်းစားပေးသလဲဆိုတာကို နားမလည်နိုင်ပါဘူး"ဟုလည်း ဟော့ဖ်မန်းက ပြောကြားခဲ့သည်။



    

လက်ရှိအချိန်တွင် ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအပါအဝင် နိုင်ငံတကာ ကစားသမားအချို့သည် လက်ရွေးစင်အသင်း၏ ပွဲစဉ်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဟော့ဖ်မန်းက "အခု ကျွန်တော်တို့ မြင်နေရတာတွေက ဘာ တွေလဲ။ ဥရောပမှာတောင် နိုင်ငံတကာပွဲစဉ်တွေကြောင့် ရောဂါကူးစက်မှုတွေရှိနေပြီး ဥရောပပြင်ပနိုင်ငံတွေက ပိုဆိုးပါတယ်။ တချို့နိုင်ငံတွေဟာ ကစားသမားတွေရဲ့ ကျန်းမာရေး အတွက် တာဝန်ယူနိုင်စွမ်းလည်း မရှိပါဘူး။ မဖြစ်မနေကစားရမယ့် ပွဲတွေကစားတာကို နားလည်ပေးလို့ရပေမယ့် တချို့သော ခြေစမ်းပွဲတွေကိုတော့ နားမလည်နိုင်ပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့က အားလုံးအတွက်ကောင်းမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့လိုနေပါပြီ"ဟုလည်း ပြောကြားခဲ့သည်။ 

ကစားသမားများ၏ ကျန်းမာရေးကိုသာ နံပါတ် (၁)ဦးစားပေးအဖြစ် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များက စဉ်းစား သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

Most Read

Most Recent