ပရီးမီးယားလိဂ်တွင် ဗာနာ ခြေစွမ်းပြနိုင်မည်ဟု ဟာဆန်တူဟယ်လ် ထောက်ခံ

ပရီးမီးယားလိဂ်တွင် ဗာနာ ခြေစွမ်းပြနိုင်မည်ဟု ဟာဆန်တူဟယ်လ် ထောက်ခံ
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 16 October 2020

ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်တူဟယ်လ်က ချယ်လ်ဆီးတိုက်စစ်မှူး ဗာနာအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်မည်ဟု ထောက်ခံပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် လိုက်ပ်ဇစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၄၇.၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂျာမန်တိုက်စစ်မှူး ဗာနာသည် ပရီးမီးယားလိဂ် (၄)ပွဲကစားပြီးချိန်တွင် ဂိုးမရသေးဘဲ ရုန်းကန်နေရသည်။

ဆောက်သမ်တန်နည်းပြ ဟာဆန်တူဟယ်လ်သည် လိုက်ပ်ဇစ်အသင်းတွင် ဗာနာနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လက်တွဲဖူးသူဖြစ်ပြီး ဗာနာအနေဖြင့် ပရီးမီးယားလိဂ်ခြေစွမ်းပြနိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာဆန်တူဟယ်လ်က "ကစားသမားတွေအများကြီးနဲ့ လက်တွဲပြီး ကျွန်တော် အလုပ်လုပ်ဖူးပါတယ်။ ဗာနာက ကျွန်တော် ကိုင်တွယ်ဖူးတဲ့ အမြန်ဆုံးကစားသမားတွေထဲက တစ်ဦးပါ။ နောက်ခံလူတွေနဲ့ သူ့ကို ထိန်းချုပ်ဖို့ အလွန်ခက်ပါတယ်။ သူဟာ ပိုမိုတိုးတက်လာပြီး သင်ယူလေ့လာလိုစိတ်လည်း ရှိတဲ့သူပါ။ ဗာနာဟာ ချယ်လ်ဆီးအတွက် အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်လာမှာပါ။ သူ့အနေနဲ့ လက်ရှိမှာ ရုန်းကန်နေရပေမယ့် အကောင်းဆုံးခြေစွမ်းကို မကြာခင် မြင်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ ဗာနာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲကစားချိန်တွင် ဂိုးမရသေးသော်လည်း လိဂ်ဖလားတွင် (၁)ပွဲကစားပြီး (၁)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent