ရွေးကောက်ပွဲတွင် ကရင်အမျိုးသားများနှင့် ကရင်ပါတီများကို တစ်ခဲနက်မဲပေး၍ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား တစ်ဆင့်ချင်း ရယူကြရန် KNU တိုက်တွန်း

ရွေးကောက်ပွဲတွင် ကရင်အမျိုးသားများနှင့် ကရင်ပါတီများကို တစ်ခဲနက်မဲပေး၍ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား တစ်ဆင့်ချင်း ရယူကြရန် KNU တိုက်တွန်း
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကရင်တစ်သီးပုဂ္ဂလတစ်ဦးအပါအဝင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ကိုယ်စားလှယ်လောင်းများကို ဝန်းရံသူများက ကျိုက်ဒုံမြို့၌ စက်တင်ဘာ ၁၄ ရက် အင်အားပြလှည့်လည်စဉ်
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကရင်တစ်သီးပုဂ္ဂလတစ်ဦးအပါအဝင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ကိုယ်စားလှယ်လောင်းများကို ဝန်းရံသူများက ကျိုက်ဒုံမြို့၌ စက်တင်ဘာ ၁၄ ရက် အင်အားပြလှည့်လည်စဉ်
Published 15 October 2020

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အောက်တွင် ပြုလုပ်သော ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင် အမျိုးသားများနှင့် ကရင်နိုင်ငံရေးပါတီများကို တစ်ခဲနက်မဲပေး၍ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား တစ်ဆင့်ချင်း ရယူကြရန် ကရင်အမျိုးသားများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်တွန်းသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားပြည်သူလူထုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အောက်တွင် ပြုလုပ် ကျင်းပသည့် ရွေးကောက်ပွဲတွင် ကရင်အမျိုးသားများနှင့် ကရင်ပါတီများကို တစ်ခဲနက် မဲပေးခြင်းဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား ကိုယ်တိုင် ပါဝင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရယူကြရန် KNU က တိုက်တွန်းခြင်း ဖြစ်သည်။

KNU အနေဖြင့် ကော်ခို စောဘဦးကြီး၏ လမ်းညွှန်မူဝါဒ လေးရပ်ကို အခြေခံပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု ပေါ်ပေါက်လာရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA ကို လက်မှတ်ထိုးခဲ့ရာ ယခုအခါ (၅) နှစ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တိုးတက်မှုမှာ အလွန်နှေးကွေးပြီး စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့ရသော်လည်း KNU အနေဖြင့် မဆုတ်မနစ် အားသွန်ခွန်စိုက် တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်ခဲ့သည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှု အဆင့် သုံးဆင့်နှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်သုံးရပ်အား ချမှတ်သဘောတူနိုင်ခဲ့ပြီဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါ အဆင့်၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြုပြင်ရေးဆွဲရေးတွင် တက်ကြွစွာ ပါဝင်ကြိုးပမ်းသွားမည်ဟု KNU က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ကော်ခိုစောဘဦးကြီး၏ လမ်းညွှန်မှုနှင့် KNU ၏ (၁၆) ကြိမ်မြောက် ကွန်ဂရက်၏ လမ်းညွှန်ချက်များအတိုင်း ရပ်တည်ချက် ခိုင်မာစွာဖြင့် စုစည်းညီညွတ်ကြလျက် နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ကြရန်လည်း KNU က တိုက်တွန်းသည်။

KNU အနေဖြင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာခြင်းနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများတွင် မည်သူကိုမျှ ချန်လှပ်မထားဘဲ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ် ဖြစ်ပေါ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ကိုင်ကြရန် NCA လက်မှတ်ရေးထိုးခြင်း (၅) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သက်ဆိုင်ရာ Stakeholders များအားလုံးကို တိုက်တွန်းကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent