မြိတ်မြို့နယ်အတွင်း NLD ဝန်းရံသူများ လူအင်အားများစွာဖြင့် နေ့စဉ်လှည့်လည်မှု မပြုလုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်လောင်း မေတ္တာရပ်ခံ

မြိတ်မြို့နယ်အတွင်း NLD ဝန်းရံသူများ လူအင်အားများစွာဖြင့် နေ့စဉ်လှည့်လည်မှု မပြုလုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်လောင်း မေတ္တာရပ်ခံ
မြိတ်မြို့နယ်အတွင်း NLD ပါတီဝန်းရံသူများက လှည့်လည်မဲဆွယ်စည်းရုံးနေသည်ကို တွေ့ရစဉ်
မြိတ်မြို့နယ်အတွင်း NLD ပါတီဝန်းရံသူများက လှည့်လည်မဲဆွယ်စည်းရုံးနေသည်ကို တွေ့ရစဉ်
Published 13 October 2020
ဇော်မိုးဦး (မြိတ်)

NLD ဝန်းရံသူများအနေဖြင့် မြိတ်မြို့နယ်အတွင်း လူအင်အားများစွာဖြင့် နေ့စဉ်လှည့်လည်နေမှုကို မပြုလုပ်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဥက္ကာမင်းက မေတ္တာရပ်ခံပြောကြားသည်။

မြိတ်မြို့နယ်အတွင်းရှိ NLD ပါတီဝန်းရံသူများအနေဖြင့် မြို့ပေါ်တွင် ကားများ၊ ဆိုင်ကယ်များဖြင့် လှည့်လည်ခြင်း၊ ကျေးရွာများတွင် တစ်ရွာနှင့် တစ်ရွာ သွားလာလှည့်လည်ခြင်း၊ မြို့ပေါ်သို့ တက်လာကာ လှည့်လည်ခြင်းများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့လှည့်လည်နေမှုကို လွှတ်တော်ကိုယ်စားလှယ်လောင်းများက မြိတ်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင်မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပြီး Door to Door စနစ်ဖြင့်သာ မဲဆွယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ ကျွန်တော်တို့ မြိတ်မြို့မှာ NLD ကို ထောက်ခံကြတဲ့ ဝန်းရံပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတယ်။ အဲဒါအပြင် ဝန်းရံတဲ့သူတွေက စုစည်းပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်နေကြတာ တစ်နေ့တခြား ပိုမိုများပြားလာနေတယ်၊ မြင်တွေ့လာနေရတယ်။ အဲဒီအချိန်အခါက မြန်မာနိုင်ငံအဝှမ်းနဲ့ ကျွန်တော်တို့ မြိတ်မြို့မှာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ ကူးစက်ပျံ့နှံ့နေတဲ့ အနေထားဖြစ်တယ်။ ကျန်းမာရေးအပိုင်းနဲ့ကြည့်ရင် ဒါဟာအင်မတန်အန္တရာယ်များတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ မြိတ်မြို့ နယ်မှာရှိတဲ့ NLD ပါတီကိုဝန်းရံတဲ့သူတွေကို အဓိကပြောချင်တာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မေတ္တာရပ်ခံထားသလို ဝန်းရံထောက်ခံတဲ့ပြည်သူတွေက ကျန်းကျန်းမာမာနဲ့ လာမယ့်နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲနေ့မှာ သွားရောက်ပြီး မဲပေးဖို့အဓိကကျပါတယ်။ ဒီအချိန်ကာလမှာတော့ မိမိရဲ့အိမ်ထဲမှာပဲနေပြီးတော့ လူစုလူဝေးမလုပ်ဘဲ မိမိတို့နေအိမ်၊ ကား၊ ဆိုင်ကယ်တွေမှာ NLD ပါတီရဲ့အလံကိုလွှင့်ထူပြီး ထောက်ခံကြောင်းပြသထားဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မေတ္တာရပ်ခံထားပြီးသားဖြစ်တယ်” ဟု NLD ပါတီမှ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးဥက္ကာမင်းက ပြောကြားသည်။

သို့ရာတွင် NLD ပါတီဝန်းရံသူများအနေဖြင့် နေ့စဉ်နီးပါးလှည့်လည်နေကြသလို အွန်လိုင်းမှ လူစုလူဝေးဖြင့်လှည့်လည်ရန် နှိုးဆော်မှုများလည်း ပြုလုပ်နေဆဲဖြစ်သည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လာနေကြောင်း သိရသည်။

စားသောက်ဆိုင်များ၊ စျေးဆိုင်တချို့နှင့် ယာဉ်လိုင်းများ ပိတ်ထားသော်လည်း NLD ပါတီအနေဖြင့် လူအင်အားရာနှင့်ချီကာ နေ့စဉ်လှည့်လည်ခွင့်ရနေသည်မှာ မဖြစ်သင့်ကြောင်း မြို့ခံများက ပြောကြားသည်။ မြိတ်ခရိုင်အတွင်း မဲရုံလုံခြုံရေးအတွက် ဖွင့်လှစ်ထားသည့် အထူးရဲသင်တန်းမှ သင်တန်းသား သုံးဦး COVID-19 Positive တွေ့ရှိထားသလို စျေးဆိုင်ရောင်းသူများ၊ စျေးအတွင်း အသားရောင်းချသူများတွင်လည်း Positive တွေ့ရှိထားသည့်အတွက် မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်လာနေကြောင်း သိရသည်။

Most Read

Most Recent