COVID-19 ရောဂါပိုးရှိမရှိ အချိန်တိုအတွင်း စစ်ဆေးနိုင်သည့် Rapid Antigen Test များသည် RT-PCR နည်းပညာကို အစားထိုးခြင်းမဟုတ်ဘဲ အရေးပေါ်အနေဖြင့်သုံးခြင်းဖြစ်ဟုဆို

COVID-19 ရောဂါပိုးရှိမရှိ အချိန်တိုအတွင်း စစ်ဆေးနိုင်သည့် Rapid Antigen Test များသည် RT-PCR နည်းပညာကို အစားထိုးခြင်းမဟုတ်ဘဲ အရေးပေါ်အနေဖြင့်သုံးခြင်းဖြစ်ဟုဆို
Published 13 October 2020
အိသဥ္ဇာကျော်

COVID-19 ရောဂါပိုးရှိမရှိ အချိန်တိုအတွင်းစစ်ဆေးနိုင်သည့် Rapid Antigen Test များသည် RT-PCR နည်းပညာကို အစားထိုးခြင်းမဟုတ်ဘဲ အရေးပေါ်အနေဖြင့် သုံးခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါ မောက္ခဒေါက်တာဋ္ဌေးဋ္ဌေးတင်က ပြောကြားသည်။

Rapid Antigen Test များကို လက်ရှိအွန်လိုင်းပေါ်တွင် ရောင်းချမှုများရှိနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခုအသုံးပြုလျက်ရှိသည့် Standard Q COVID-19 Antigen (RDT) Test များ ဖြစ်ရာ COVID-19 ရောဂါပိုးရှိမရှိ အချိန်တိုအတွင်း စစ်ဆေးပေးနိုင်ခြင်းဖြင့် COVID-19 ရောဂါ လူနာရှာဖွေရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း သိရသည်။

“ အခု ကျွန်မတို့ ဒီ Rapid Antigen Test တွေကို အွန်လိုင်းကနေ ရောင်းနေတာကို တွေ့ရကြားရပါတယ်။ လက်ရှိ ကျွန်မတို့သုံးနေတဲ့ အဖြေကို နာရီဝက်အတွင်း ဖတ်နိုင်တယ်ဆိုတဲ့ Rapid Antigen Test က Gold Standard လို့ခေါ်တဲ့ RT-PCR နည်းပညာကို အစားထိုးခြင်းမဟုတ်ဘဲ အရေးပေါ်ကူညီတဲ့သဘော ရှိပါတယ်။ ဒီအချိန်မှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ တရားဝင်ဝယ်ယူထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသော အမျိုးအစားကိုပဲ သုံးစွဲနေပါတယ်။ ဒါကြောင့် ဒီ Test တွေကို အွန်လိုင်းကနေတစ်ဆင့် ရောင်းတာတို့ ရောဂါမရှိဘူးသတ်မှတ်နေကြပြီး အခြေခံလိုက်နာရမယ့် စောင့်ထိန်းရမယ့် တစ်ဦးချင်း ကျင့်ဝတ်တွေကို မေ့လျော့သွားမယ်ဆိုရင် ရောဂါထိန်းချုပ်တဲ့နေရာမှာ အခက်အခဲ အများကြီးရှိနေနိုင်ပါတယ်” ဟု အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဋ္ဌေးဋ္ဌေးတင်က ပြောကြားသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များ၊ Antigen Test Kit များဖြင့် စစ်ဆေးနေပြီး တစ်နေ့လျှင် ဓာတ်ခွဲနမူနာ ၁၅၀၀၀ ကျော်အထိ တိုးမြှင့်စစ်ဆေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ယခုကဲ့သို့ ဓာတ်ခွဲစစ်ဆေးခြင်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ယခုရက်ပိုင်းများတွင် ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိလာမည်ဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေခြင်းလုပ်ငန်းများ ပိုမိုထိရောက်လာမည်ဖြစ်ကြောင်းနှင့် ရောဂါထိန်းချုပ်မှုများ ပိုမိုထိရောက်လာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်သူ့ဆေးရုံများတွင် Standard Q COVID-19 Antigen (RDT) Test ဖြင့် ရောဂါလက္ခဏာပြသော လူနာများ (ရောဂါလက္ခဏာမပြမီ နှစ်ရက်နှင့် ရောဂါလက္ခဏာပြပြီး ခြောက်ရက်အတွင်း)၊ ရောဂါလက္ခဏာပြသော ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါဖြစ်ပွားမှု မြင့်မားနေသည်ဟု ခန့်မှန်းထားသောနေရာများတွင် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ဆက်စပ်ထိတွေ့ခဲ့သူများ၊ သက်ဆိုင်ရာ ဆရာဝန်ကြီးမှ စစ်ဆေးသင့်သည်ဟု အကြံပြုသည့် လူနာများကို ဦးစားပေးစစ်ဆေးပေးလျက်ရှိသည်။

“PCR ကတော့ အဲဒီ Gene တစ်ခုချင်းကို စစ်တာပါ။ ဒါကြောင့်မို့ PCR နဲ့ စစ်တဲ့နည်းပညာသည် Gold Standard ဖြစ်ပါတယ်။ Gold Standard သည် ပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ Gold Standard ကို အစားထိုးတာလည်း မဟုတ်ပါဘူး။ Gold Standard ကြောင့် အချိန်ကြာရတယ်။ အချိန်သည် တစ်ရက်လည်း ကြာပါတယ်။ နှစ်ရက်လည်း ကြာပါတယ်။ NHL မှာဆိုရင် နှစ်ရက်ကနေ သုံးရက်အထိတောင် အဖြေတွေကို ပေးတာ ကြန့်ကြာတာရှိပါတယ်။ အဲဒါမျိုးအချိန်မှာ ဖြစ်နိုင်တဲ့ စုဝေးခြင်းပြဿနာကြောင့် ဖြစ်လာနိုင်တဲ့ ကူးစက်လွယ်တဲ့ အခြေအနေမျိုးကို ကာကွယ်တဲ့အချိန်မျိုးတွေ ရန်ကုန်လိုမျိုး Pretest Probability မစစ်ခင်ကတည်းက တွေ့နိုင်တယ်လို့ မှန်းခြေဖြစ်နိုင်ခြေများတဲ့ နေရာမျိုးတွေကျတော့ PCR ကို သူက ကူညီတဲ့အနေနဲ့ Rapid Antigen Test ကို ပြောတာပါ။ Antibody မဟုတ်ပါဘူး။ Antibody ကို စစ်ပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု မှားယွင်းသွားနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဋ္ဌေးဋ္ဌေးတင်က ပြောကြားသည်။

Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး ယင်းစစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာထားချက်များအရ သိရသည်။

Most Read

Most Recent