၂၀၂၁ အတွက် နေရာတစ်ခုနဲ့ လူတစ်ယောက်

၂၀၂၁ အတွက် နေရာတစ်ခုနဲ့ လူတစ်ယောက်
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အထူးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အထူးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်
Published 11 October 2020
မင်းနေထွဋ်

မြန်မာ့နိုင်ငံရေးရဲ့ ဒီရေအတက်အကျကို ခန့်မှန်းကြတဲ့အခါ ကမ္ဘာအရပ်ရပ်မှာ ပေါ်ပေါက်ခဲ့တဲ့ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အောင်မြင်မှု ကျဆုံးမှုတွေနဲ့ အတော်ကြီးကွဲလွဲပါတယ်။ တစ်ခါ ပညာရေး ရေချိန်အနိမ့်ပေါ်မှာ ခွထိုင်နေတဲ့ တိုင်းပြည်ဖြစ်လေတော့ အများပြည်သူရဲ့ တိမ်းညွတ်ချက်ကိုလည်း သုတေသနမလုပ်နိုင်သေးသလို လုပ်ဖို့လည်း အလွန်အင်မတန် ခဲယဉ်းနေဆဲပါ။

ဒီတော့ ကမ္ဘာကြီးက ပါတီဝါဒရေးရာ၊ လူထုဆွဲဆောင်မှုအတွက် ဘယ်လိုနည်းနာနိဿယတွေနဲ့ ခရီးဆက်နေသည်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေးမှာတော့ လူပုဂ္ဂိုလ်အခြေပြုစဉ်းစားချက်၊ ခံစားမှုရှေ့တန်းတင် ထောက်ခံချက်နဲ့ အုပ်စုဖွဲ့ အတွေးအမြင်က အဓိကအကျဆုံး အာဏာဆုံးဖြတ်ချက်ကို ပြုနေကြတုန်းပါပဲ။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်က စတင်ခဲ့တဲ့ စစ်အစိုးရအုပ်ချုပ်ရေးဟာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့ပြီး အနိုင်ရပါတီက ၂၀၁၁ ခုနှစ် ဇန်နဝါရီမှာ ပထမအကြိမ် လွှတ်တော်ခေါ်၊ မတ်လအတွင်း အစိုးရအဖွဲ့သစ်နဲ့ ခရီးစတင်ခြင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ခဲ့ပါတယ်။ ပထမအကြိမ် လွှတ်တော်နဲ့ အစိုးရ (၂၀၁၁ -၂၀၁၅)  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစုကြီး စိုးခဲ့ပြီး ဒုတိယအကြိမ်လွှတ်တော်နဲ့ အစိုးရ (၂၀၁၆ - ၂၀၂၀) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးစိုးခဲ့ပါတယ်။ လွှတ်တော်သက်တမ်း နှစ်ရပ်စလုံးမှာ အာဏာရပါတီတိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုတယ်လို့ ကြွေးကြော်ရင်း လွှတ်တော်တွင်း ပြင်ဆင်ရေး၊ ပြင်ပအင်အားစုက ဝန်းရံရေးစတဲ့ နည်းလမ်းပေါင်းစုံသုံးခဲ့ကြပေမဲ့ အရွေ့မရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ နကမ္ပတိ - မတုန်မလှုပ် ပကတိအတိုင်းသာ တည်ရှိနေကြောင်း သိကြမှာပါ။

ဒါကို ဘာလို့ နိဒါန်းသွယ်နေလဲဆိုတော့ ကျွန်တော် အခုတင်ပြမယ့်အကြောင်းအရာ၊ လူပုဂ္ဂိုလ်၊ ဖြစ်စဉ်မှန်းဆချက်အားလုံးဟာ ပေးထားချက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေပြု အဖြေထုတ်သွားမှာမို့ ဖြစ်ပါတယ်။

(၁)

တတိယအကြိမ် လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကလည်း သြဂုတ်လလယ်ကစပြီး မြန်မာနိုင်ငံမှာ ပိုးတွေ့သူရော သေဆုံးသူဦးရေပါ မြင့်တက်လာတာကြောင့် သတ်မှတ်ရက်အတိုင်း ရွေးကောက်ပွဲဖြစ်၊ မဖြစ်ကိုတော့ စောင့်ကြည့်ကြရပါ့မယ်။ လပိုင်းအတွင်း ကာလတိုရွှေ့ဆိုင်းမှု ဖြစ်ပေါ်နိုင်သလို ကပ်ရောဂါ သဘာဝအရ တစ်တိုင်းပြည်လုံး အရေးပေါ်အခြေအနေ ဖြစ်ခဲ့ရင်တော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီအချက်ကို ဖယ်ထုတ်ပြီး ၂၀၂၀ နှစ်ကုန် ရွေးကောက်ပွဲက အနိုင်ရကိုယ်စားလှယ်တွေကို ၂၀၂၁ ဖေဖော်ဝါရီအတွင်း လွှတ်တော်ခေါ်၊ မတ်လအတွင်း အစိုးရသစ်ဖွဲ့စည်းခြင်းဆိုတဲ့ ပုံမှန်အချိန်ဇယား အယူအဆအပေါ် အခြေခံထားရေးသားပါတယ်။

‘၂၀၂၁ အတွက် နေရာတစ်ခုနဲ့ လူတစ်ယောက်’ ဆိုတာကတော့ အဲဒီရည်ညွှန်းချိန် မတ်လအတွင်း ဖြစ်ပေါ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာဖြစ်ပြီး လူတစ်ယောက် ဆိုတာကတော့ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပေါ်ထွက်လာ (နိုင်) တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်ပါတယ်။

(၂)

သမင်လည်ပြန်အတိတ်

ဒေါ်အောင်ဆန်းစုကြည် ယက်တောအမှုနဲ့ နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့ပြီး မဲဆန္ဒရှင်တွေ မဲမပေးရေးဆိုတဲ့ No Vote လှုပ်ရှားမှုလည်း ရှိခဲ့တာပါပဲ။

၂၀၁၁ မတ်လကုန် နိုင်ငံတော် သမ္မတအဖြစ် ဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်း ဝန်ကြီး ဦးအောင်ကြည်ရဲ့ဆက်ဆံရေးလမ်းကြောင်းကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်သွယ်မှုတွေ ပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက် နေပြည်တော် သမ္မတအိမ်တော်က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအောက်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတူ တွဲလျက် ဓာတ်ပုံပေါ်ထွက်လာပြီး နောက်ပိုင်း၊ အစိုးရသစ်တက်လို့ ၁၃ လအကြာ ၂၀၁၂ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်တွေ ပထမအကြိမ် ပြည်သူ့လွှတ်တော်ထဲ ပါဝင်လာခဲ့ကြပါတယ်။

အဲဒီအချိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဆိုတဲ့ ရေးရာကော်မတီတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေခဲ့ပါတယ်။ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂိုလ်ရေးရင်းနှီးမှု တိုးတက်ခဲ့တယ်လို့ မီဒီယာပေါင်းစုံက သုံးသပ်ရေးသားခဲ့ကြပေမဲ့ တိုင်းပြည်တည်ဆောက်ရေးဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်စေ ခရီးမပေါက်ခဲ့တာကို ဖြစ်ရပ်နှစ်ခုနဲ့ သက်သေထူနိုင်ပါတယ်။

ပထမဖြစ်ရပ်ကတော့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြို့နယ်တရားရုံး ငါးရုံးပြည့်အောင် သွားရောက်လေ့လာခြင်း မရှိခဲ့တာဖြစ်ပြီး ဒုတိယဖြစ်ရပ်ကတော့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုဖြစ်တဲ့ ပုဒ်မ  ၄၃၆ ပြင်ဆင်ရေး လက်မှတ်ငါးသန်းကျော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရုံးခန်းမှာ အရွေ့တစ်ခု ရပ်သွားခဲ့တာပါပဲ။

ဒုတိယသက်တမ်းက

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်ဦးရေထက် လွတ်လွတ်ကင်းကင်းကျော်လွန်ပြီး အနိုင်ရခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ဒုတိယအကြိမ်လွှတ်တော်ခေါ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ မတ်လကုန်မှာ နိုင်ငံတော်သမ္မတတာဝန်ကို ဦးသိန်းစိန်ဆီက ဦးထင်ကျော် လွှဲပြောင်းရယူခဲ့ပါတယ်။

သမ္မတသစ်အဖြစ် ဦးထင်ကျော် လွှတ်တော်ဆီ ပထမဆုံးပေးပို့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကတော့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ (၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်)” ပဲ ဖြစ်ပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၄ မှာ လူနာမည် ထည့်သွင်းပြဋ္ဌာန်းခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ပေမဲ့ အတည်ဖြစ်ခဲ့ပါတယ်။ ဒီဥပဒေ မြစ်ဖျားခံလာရာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၅) အုပ်ချုပ်ရေး၊ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ ခေါင်းစဉ်ခွဲအောက်က ပုဒ်မ ၂၁၇ ဖြစ်ပါတယ်။

“ပုဒ်မ - ၂၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ”

ဒီပုဒ်မ ၂၁၇ ကိုအခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ အစိုးရအဖွဲ့မှာလည်း မူလအလွှဲအပြောင်းမှာ ဝန်ကြီးလေးနေရာ ခန့်အပ်ခြင်းကနေ အခုလက်ရှိမှာတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားဆဲဖြစ်ပါတယ်။ သူ့ကိုခန့်အပ်ခဲ့တဲ့ သမ္မတဦးထင်ကျော်ကတော့ သက်တမ်းတစ်ဝက် မရောက်ခင် ရာထူးက နုတ်ထွက်သွားခဲ့ပြီး အတိုင်ပင်ခံဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ရှိနိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရနှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရေးထိုးထားသည့် သီးသန့်အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်

ဒီမိုကရေစီနှစ်ဆက် ဦးစီးချုပ်

၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက် နောက်ဆုံးကျင်းပတဲ့ တပ်မတော်နေ့ ဖြစ်ပါတယ်။

အမှတ်အသားကောင်းသူအဖို့ အဲဒီနေ့ကို ပြန်သွားကြည့်ရင် နေပြည်တော်မှာ ချီတက်ပွဲကြီး လုံးဝမကျင်းပတော့ဘဲ တိုင်းစစ်ဌာနချုပ်အလိုက် ကျင်းပစေခဲ့တာကို သတိရကြမှာပါ။

အဲဒီနေ့အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ် ပြည်သူတွေ သိခဲ့ကြပြီး တစ်ချိန်တည်းမှာ ပထမအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ပထမအ စည်းအဝေးကို ကျင်းပဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်ကို တင်မြှောက်ထားချိန်၊ ဦးသိန်းစိန်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ်ခုံမှာထိုင်ရင်း အုပ်ချုပ်ရေးအာဏာ (Executive Power) အတွက် ဝန်ကြီးအဖွဲ့အစ၊ ဒေသန္တရ အစိုးရအလယ်၊ ရွေးကောက်ပွဲကော်မရှင်အဆုံး အင်္ဂါစုံအောင် ဖွဲ့စည်းနေဆဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် နိုင်ငံတော်သမ္မတရဲ့ တိုင်းပြည်ကိုပြောတဲ့ နှုတ်ခွန်းဆက်မိန့်ခွန်း အပြီးမှာ စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အခါ နိုင်ငံတော်ရဲ့ အင်္ဂါစဉ် အမှတ် (၇) အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စတင်တွေ့မြင်ကြရတာပါပဲ။ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုစလုံး နိုင်ငံတော်ရဲ့အင်္ဂါစဉ် (၁) မှ (၅) အထိ အပြောင်းအလဲ ဖြစ်ခဲ့ပေမဲ့ မူလပထမအကြိမ်က အင်္ဂါစဉ် (၆) နဲ့ (၇) (နိုင်ငံတော်အတိုင်ပင်ခံက အင်္ဂါစဉ် (၂) အဖြစ်ထုတ်ပြန်ချက်မှာ အင်္ဂါစဉ် (၇) နဲ့ (၈) ) အဖြစ် တာဝန်ယူခဲ့သူ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှစ်ဦးဟာ နအဖအစိုးရက ခန့်အပ်ခဲ့တဲ့အတိုင်း သက်ဆိုင်ရာရာထူးတာဝန်မှာ ၁၀ နှစ်တင်းတင်း ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်မယ်ဆိုရင် -

“ပုဒ်မ  ၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်” လို့ ဖော်ပြထားပါတယ်။

ဒီပုဒ်မက ရည်ညွှန်းတဲ့ကောင်စီကို - “ပုဒ်မ ၂၀၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။

(က) နိုင်ငံတော်သမ္မတ၊

(ခ) ဒုတိယသမ္မတ၊

(ဂ) ဒုတိယသမ္မတ၊

(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊

(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊

(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊

(စျ) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊

(ည) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးလို့ ပြဋ္ဌာန်းထားပါတယ်။

(၃)

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ခြေရာကောက်တဲ့အခါ ပါတီ၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဆိုတဲ့ ဒေါက်တိုင်ကြီးတွေအပေါ် ဘယ်လိုနေရာချထားခဲ့တယ်ဆိုတဲ့အချက်က အလွန်အရေးပါလှပါတယ်။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အစိုးရနဲ့ လွှတ်တော်တွဲဖက်တဲ့ ဗြိတိသျှပုံစံဘက် ယိမ်းခဲ့ပြီး ဖဆပလပါတီတွင်း အာဏာပြိုင်ပွဲက ဆေးမမီတော့တဲ့အခါ အိမ်စောင့်အစိုးရအမည်ခံ တပ်မတော်လက်ကို အာဏာအပ်ခဲ့ရပါတယ်။ လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရက ကျင်းပပေးခဲ့ပြီး ပြည်ထောင်စုအစိုးရလက် အာဏာပြန်အပ်ခဲ့ပေမဲ့ ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးတဲ့ တပ်မတော်က တော်လှန်ရေးကောင်စီအဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို သိမ်းခဲ့ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် ကူးပြောင်းခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီကို အခြေပြုရေးဆွဲခဲ့တာမို့ လွှတ်တော်ရော အစိုးရရောရဲ့အထက်မှာ ပါတီက ပိုပြီးသြဇာကြီးတဲ့အထိုင်ကို ရှင်းရှင်းလင်းလင်းယူခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမည်နဲ့ တပ်မတော်က အာဏာသိမ်းတဲ့အခါ ဒီအခြေခံဥပဒေ နိဋ္ဌိတံသွားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲတဲ့အခါ ရှေ့က နိဂုံးမလှတဲ့ အခြေခံဥပဒေတွေရဲ့ သင်ခန်းစာကို ယူခဲ့တယ်လို့ ကောက်ချက်ချလို့ရတဲ့ ပြဋ္ဌာန်းချက်တွေ တွေ့ရပါတယ်။ ဥပမာအနေနဲ့ (၁) ဗဟိုအဆင့်မှာ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကို ပိုင်းခြားလိုက်ပါတယ်။ (အစိုးရအဖွဲ့ဝင်နဲ့ အုပ်ချုပ်မှုအာဏာက ခန့်အပ်ခံရသူတိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ရပါတယ်။)

(၂) သမ္မတဟာ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို (ဝန်ကြီးဌာနသုံးခုမှအပ) လွတ်လွတ်လပ်လပ် ခန့်အပ်နိုင်တဲ့ အမေရိကန်ပုံစံဖြစ်တယ်။

(၃) သမ္မတ၊ ဒုတိယသမ္မတနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေဟာ ခန့်အပ်ခံရပြီးချိန်က အစပြုလို့ ပါတီတာဝန်မယူရဘူး။

(၄) လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး တပ်မတော်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတယ်။

(၅) လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့၊ နိုင်ငံတော်ရဲ့ဥပဒေများကို လိုက်နာဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေဖို့နဲ့ တို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဖို့ လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်းနှစ်ဆက်၊ ပါတီနှစ်ခု တာဝန်ယူဆောင်ရွက်ကြတဲ့အခါ  ‘ဥပဒေက မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့ အထိအခိုက်၊ အတွန်းအတိုက်၊ အပွန်းအရှတွေ ရှိခဲ့မြင်ခဲ့ရပါတယ်။

ပထမသက်တမ်းမှာ ပြည်ထောင်စုစာရင်းစစ်ချုပ် နုတ်ထွက်ခြင်း၊ လွှတ်တော်က ရေးဆွဲထားတဲ့ ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက ပြင်ဆင်ရန် တင်ပြလာတဲ့အချက်တွေကို မပြင်ဆင်ဘဲ မူလအတိုင်း အတည်ဖြစ်စေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အားလုံး နုတ်ထွက်ခြင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ညသန်းခေါင်ယံ အာဏာသိမ်းခြင်း စတဲ့အချက်တွေဟာ မြင်သာတဲ့ ပြဿနာတွေပါ။

ဒုတိယသက်တမ်းမှာတော့ ဗဟိုအဆင့်မှာအစိုးရနဲ့ လွှတ်တော်၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုမဏ္ဍိုင်တို့ရဲ့ တတ်နိုင်သမျှ အာဏာကို ပိုင်းခြားကျင့်သုံးမှုကို ဦးဝင်းမြင့် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အားပျော့သွားတာ မြင်သာပါတယ်။ တစ်ခါ ပထမသက်တမ်းကာလအတွင်း အစိုးရအပေါ် ပါတီရဲ့လွှမ်းမိုးမှု မမြင်ရသလောက်ရှိရာကနေ ခု ဒုတိယသက်တမ်းမှာတော့ ပါတီဗဟိုအလုပ်အမှုဆောင်ကလည်း ဒုတိယဝန်ကြီးကို အဖြုတ်အတပ်လုပ်လို့ရတဲ့အထိ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေ လျော့ရဲလာတာ မြင်ရပါတယ်။

ဒါကြောင့် ဆောင်းပါးအစမှာ ကျွန်တော် ‘တည်’ ခဲ့သလို အစိုးရနဲ့ လွှတ်တော်ဆိုတာထက် ပါတီခေါင်းဆောင်နဲ့ တပ်မတော်အပိုင်းကို ပိုပြီးချဉ်းကပ်လေ့လာချင်တာပါ။ ဒါဆို ၂၀၂၁ ခုနှစ် အစိုးရသစ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဆိုတာ စဉ်းစားကြည့်ကြရအောင်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရနှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရေးထိုးထားသည့် သီးသန့်အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ

(၁) လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါ့မယ်။

(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နေရာ ၂၂၁ နေရာအထက် အနိုင်ရလို့ သူကိုယ်တိုင်လည်း ဆန္ဒရှိရင် - ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါလိမ့်မယ်။

(၃) ပုဒ်မ ၅၉ (စ) ကို လက်ရှိသက်တမ်းအထိ မပြင်နိုင်သေးတဲ့အတွက် သူသမ္မတရော၊ ဒုတိယသမ္မတပါ ဖြစ်လို့မရသေးပါဘူး။ (တချို့သော နိုင်ငံရေးဝေဖန်သူတွေ ညွှန်းသလို၊ ဒီပုဒ်မအတိုင်းထားပြီး တပ်မတော် တည်ထောင်သူ၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအဖြစ် သူတစ်ယောက်အတွက် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ညှိနှိုင်းဖြေလျှော့ဖို့ ဆိုတာကလည်း ထည့်စဉ်းစားသင့်တဲ့ အချက်ပါ။

အဲဒီအချက်ကို လက်တွေ့ကျင့်သုံးခဲ့သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး အင်းစိန်ထောင်မှာ ယက်တောအမှုအတွက် ပြစ်ဒဏ်ချအပြီးမှာ တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ စာနာထောက်ထားတဲ့အနေနဲ့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲပေးခဲ့တာပါ။

တစ်ခု သတိပြုစရာက အဲဒီကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်သေးဘဲ လက်ရှိဖွဲ့စည်းပုံကတော့ ပုဒ်မ ၂၀ (စ) အရ ‘တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်’ လို့ ပြဋ္ဌာန်းထားပြီးဖြစ်နေတာပါပဲ။)

(၄) ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ’ ပုဒ်မ ၇ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ‘ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်’ လို့ပါ ရှိထားတဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နောက်ထပ်သက်တမ်းတစ်ခု သူဆက်တာဝန်ယူဖို့လည်း မရှိတော့ပါ။

(၅) ဒုတိယသမ္မတ သုံးဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် သို့မဟုတ် ပါတီကရွေးချယ်သူ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ရင်၊ နောက်တစ်ချက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပဒေပြုရေးမှာ တာဝန်မယူဘဲ အုပ်ချုပ်ရေးဘက် ပိုအလေးသာခဲ့ရင်တော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးအပြင် ပူးတွဲဝန်ကြီးဌာနများပါ တာဝန်ယူလို့ ရနိုင်ပါတယ်။

ဒါဟာ ၂၀၂၁ အစိုးရသစ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်နိုင်ခြေအရှိဆုံးနေရာတွေပါပဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

အထက်မှာ ညွှန်းခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီမိုကရေစီအစိုးရနှစ်ဆက်စလုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ရုရှားနိုင်ငံခရီးစဉ်အတွင်း Arguments and Facts သတင်းဌာနနဲ့ ZVEZDA သတင်းဌာနတို့နဲ့ အင်တာဗျူးလုပ်ခဲ့ချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် (၁) ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း၊ အဲဒါကို ယုံကြည်စိတ်ချရမှ နိုင်ငံရေးမှာ ဘယ်လိုဝင်ပြီး ပါဝင်ရမယ်ဆိုတာ စဉ်းစားဖို့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာချိန်မှ ပါတီ၊ အဖွဲ့အစည်း၊ ပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆက်လုပ်သွားမှာ ဖြစ်ကြောင်း၊ ဒုဗိုလ်ဘဝကနေ ယခုရာထူးအထိ Commander အဆင့်ဆင့် နှစ်ပေါင်း ၄၀ ကျော် ဖြတ်သန်းလာခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးကာလ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူတွေကို ပြန်ကြည့်ရင် ခုလိုတွေ့ရမှာဖြစ်တယ်။

၁။ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း (BC 5106) - ၄ - ၁ - ၁၉၄၈ မှ ၃၁ - ၁- ၁၉၄၉ အထိ။

၂။ ဗိုလ်ချုပ်ကြီး နေဝင်း (BC 3502) - ၁ - ၂ -၁၉၄၉ မှ ၂၀ - ၄ - ၁၉၇၂ အထိ။

၃။ ဗိုလ်ချုပ်ကြီး စန်းယု (BC 3569) -၂၀ - ၄ - ၁၉၇၂ မှ ၁-၃- ၁၉၇၄ အထိ။

၄။ ဗိုလ်ချုပ်ကြီး သူရတင်ဦး (BC 3651) - ၁ - ၃ - ၁၉၇၄ မှ ၆ - ၃ - ၁၉၇၆ အထိ။

၅။ ဗိုလ်ချုပ်ကြီး သူရကျော်ထင် (BC 5332) - ၆ - ၃ - ၁၉၇၆ မှ ၃ - ၁၁ - ၁၉၈၅ အထိ။

၆။ ဗိုလ်ချုပ်မှူးကြီး စောမောင် (BC 6187) - ၄ - ၁၁ - ၁၉၈၅ မှ ၂၂ - ၄ - ၁၉၉၂ အထိ။

၇။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (BC 6710) - ၂၂ - ၄ - ၁၉၉၂ မှ ၃၀ - ၃ - ၂၀၁၁ အထိ။

၈။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် (BC 14232) - ၃၀ - ၃ - ၂၀၁၁ မှ ယနေ့အထိ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သက်တမ်းအရှည်ဆုံး နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း (၂၃ နှစ် ၂ လ) နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၁၈ နှစ် ၁၁ လ) တို့ တာဝန်ယူချိန်ဟာ နိုင်ငံတော်အာဏာကို တပ်မတော်က ထိန်းသိမ်းထားချိန်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ထူးခြားချက်တစ်ခုက ဗိုလ်ချုပ်ကြီး နေဝင်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်က တာဝန်ပြီးဆုံးချိန်မှာ ပါတီဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတတာဝန်တွေကို ဆက်လက်ယူခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ တပ်တာဝန်ရော၊ နာယကဥက္ကဋ္ဌအဖြစ်ကပါ အနားယူခဲ့တာပါပဲ။

ခုလာမယ့် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော်ရဲ့ အင်္ဂါစဉ်အရ လက်ရှိထက် ပိုမြင့်တဲ့အင်္ဂါစဉ် ၁၊ ၂၊ ၃ မှာများ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်ရှိခဲ့ရင်၊ အဲဒီလိုထမ်းဆောင်စေဖို့ အင်တာဗျူးမှာ သူဖြေခဲ့သလို အဖွဲ့အစည်းတစ်ရပ်ရပ်ကများ တောင်းဆိုလာခဲ့ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဘယ်သူဖြစ်လာနိုင်သလဲ။ ရာထူးအစဉ်အရ ၁၉၆၂ ခုနှစ်ဖွား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်လာလေမလား။ ဒါမှမဟုတ် Succession Plan ရှိပြီးသား တပ်မတော်ရဲ့ ဘယ်အစဉ်၊ ဘယ်နံပါတ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာလေမလဲ။ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်နေရာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့် လူတစ်ယောက်ကို အဖြေထုတ်နိုင်ပြီဆိုရင် ဒီမိုကရေစီ တတိယငါးနှစ်သက်တမ်းရဲ့ မြန်မာ့နိုင်ငံရေးကို အနီးစပ်ဆုံး ခန့်မှန်းလို့ ရသွားပါပြီ။

(၄)

ဆောင်းပါး အဆုံးမသတ်ခင် အရေးကြီးဆုံးတစ်ချက်ကို ဆွေးနွေးပါရစေ။

အထက်မှာဖော်ပြခဲ့တဲ့ ‘ပုဒ်မ ၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။’ ပုဒ်မအရ ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကသာ အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဆိုပြုနိုင်မှာပါ။

စံကိုက်ဒီမိုကရေစီဖြစ်ချင်လို့ သို့မဟုတ် ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟတည်းဟူသော လားရာဂတိ တစ်ခုခုကြောင့် ကာ/လုံအစည်းအဝေး မကျင်းပဖြစ်တာ၊ ဒါမှမဟုတ် ရှောင်ရှားသယောင် ဖြစ်နေတာဆိုရင်တော့ ပေးထားချက်ရှိပါလျက် မတွက်တဲ့ပုစ္ဆာလို အဖြေမရဘဲ ဝေ့ဝဲနေတဲ့ မြန်မာ့နိုင်ငံရေးလို့သာ သုံးသပ်ရမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအိုက်ကွန် များ ပညာပြည့်ဝ နှလုံးလှကြပါစေသတည်း။

Most Read

Most Recent