လပွတ္တာမြို့နယ်တွင် အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီခန့်က NLD ပါတီထောက်ခံသူ အင်အား တစ်သောင်းဝန်းကျင်ဖြင့် လပွတ္တာ-မြောင်းမြ ကားလမ်းမကြီးအတိုင်း မော်တော်ယာ ဉ်များ၊ ထော်လာဂျီများ၊ မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်ခဲ့ကြကြောင်း သိရသည်။

လူစုလူဝေးဖြင့် အောင်နိုင်ရေး လှည့်လှည်မှုများကို ယာယီဆိုင်းငံ့ ထားကြပါရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ကော်မတီမှ အောက်တိုဘာလ ၃ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သော်လည်း လှည့်လှည်ပွဲများ ဆက်လက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပါတီအောင်နိုင်ရေးအတွက် လူစုလူဝေးဖြင့် လှည့်လည်မှုများကို NLD ပါတီနှင့် USDPတို့မှ အများဆုံး လုပ်ဆောင်နေလျက်ရှိပြီး အင်အားပြ လှည့်လည်မှု ပြုလုပ်မှုများကို မြို့ခံလူထုများမှ ဝေဖန်နေလျက် ရှိကြောင်းလည်း သိရသည်။

အဆိုပါ လှည့်လည်ပွဲနှင့် ပတ်သက်၍ လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင် ယင်းလှည့်လည်ပွဲအား မသိရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများလည်း ပါဝင်ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းအထိ ထုတ်ပြန်ချက်များအရ COVID-19 အတည်ပြု လူနာမှာ ၄၂၉ ဦးထိ ရှိလာပြီဖြစ်ပြီး ၁၈၄ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။















