ဒေသတွင်း တိုင်းရင်းသား အခြေပြု နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင်လူငယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့

ဒေသတွင်း တိုင်းရင်းသား အခြေပြု နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင်လူငယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့
Photo : 2020 PNO (Mon State)
Photo : 2020 PNO (Mon State)
Published 8 October 2020
ဘိုဘိုမြင့်

ဒေသတွင်း တိုင်းရင်းသား အခြေပြု နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင်လူငယ်များ အောက်တိုဘာ ၇ ရက်က သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) ရုံးတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်လူငယ်များ အစည်းအရုံး၊ ကရင်လူငယ်ကွန်ရက်၊ မွန်လူငယ်အဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ရက်၊ ပအိုဝ်းမျိုးဆက်သစ် လူငယ်ကွန်ရက်တို့မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့က လက်ရှိမှာ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးဆင်းဖို့က COVID-19 ရောဂါနဲ့က အခက်အခဲတွေ ဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ PNO ပါတီရယ်၊ ကရင်ပြည်သူ့ပါတီရယ်၊ နောက် မွန်ညီညွတ်ရေး ပါတီတွေကို ဘယ်လိုဝန်းရံကြမလဲပေါ့နော်။ အဲဒါတွေကို တိုင်ပင်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ PNO ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့က ပူးပေါင်းပြီးတော့ မဲဆွယ်စည်းရုံးတာတွေ၊ နောက် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေကို ပူးတွဲပြီးတော့ စိုက်ထူတာတွေတော့ ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်စည်းရုံးရေး ဆင်းကြတဲ့အခါမှာ ဘယ်လိုအခြေအနေမျိုးတွေ ကြုံတွေ့ရသလဲပေါ့။ နောက်ဘယ်လို နေရာတွေမှာ တွဲလုပ်မယ်။ ဘယ်လိုနေရာတွေမှာ ခွဲပြီးလုပ်ကြမယ်ပေါ့။ အဲဒါတွေကို တိုင်ပင်ဆွေးနွေး ဖြစ်ခဲ့ပါတယ်” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

လာမည့် အောက်တိုဘာ ၁၈ ရက်တွင် မွန်၊ ကရင်၊ ပအိုဝ်းလူငယ်တွေ ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ရှိကြောင်းနှင့် ဆွေးနွေးပြီးပါက ရွေးကောက်ပွဲ အောင်နိုင်ရေး Campaign လုပ်ဆောင်သွားရန် တိုင်ပင်ထားကြောင်း ခွန်တေဇက ဆက်လက် ပြောကြားသည်။

ထို့အတူ ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) တာဝန်ခံ စောသောကြာကလည်း “အဓိကကတော့ လူငယ်တွေ အချင်းချင်းကြားထဲမှာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ပူးပေါင်းလုပ်မယ်ပေါ့။ အမှန်က အလွတ်သဘော တွေ့ဆုံဆွေးနွေး ကြတာပါဘဲ။ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေအောင် နိုင်ရေး အတွက်ကို အဓိကထားပြီး ဆွေးနွေးဖြစ်ကြပါတယ်။ နောက်လာမယ့် အောက်တိုဘာ ၁၈ ရက်မှ ပအိုဝ်းလူငယ်၊ ကရင်လူငယ်၊ မွန်လူငယ်တွေ စုပေါင်းပြီးတော့ သထုံနဲ့ပေါင် မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စီတန်းလှည့်လည်ဖို့ အတွက်ကိုတော့ အကြမ်းဖျင်း ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားအရေးအရာ ကိစ္စများနှင့် ပတ်သက်ပြီး ပါတီကြီးများက လုပ်ဆောင်ပေးရန် စဉ်းစားထားပုံ မရကြဘူးဟု ထင်မှတ်ယူပါကြောင်း၊ လက်ရှိအာဏာရပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီးနောက် တိုင်းရင်းသား အရေးကိစ္စများအား ဘာမှလုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် အထူးသဖြင့် တိုင်းရင်းသားများနှင့် ပတ်သက်သည့် ရေးရာကိစ္စများတွင် ချောင်းဆုံတံတားကိစ္စ၊ ကရင်အာဇာနည်နေ့ ကိစ္စများမှာ သိသာမြင်သာပါကြောင်းနှင့် တိုင်းရင်းသားအရေး ကိစ္စများနှင့် ပတ်သက်ပြီး ၎င်းတို့ ခေါင်းထဲတွင်လည်း မရှိဘူး” ဟု ယူဆပါကြောင်း စောသောကြာက ဆိုသည်။

“အဲဒါတွေ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းမှာ ယုံကြည်မှုတွေရှိထားတော့ အကယ်၍များ လွှတ်တော်တွေထဲကို တိုင်းရင်းသားတွေ ရောက်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား အရေးကိစ္စတွေကို ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်” ဟု စောသောကြာက ဆက်လက် ပြောကြားသည်။

လက်ရှိမှာလည်း မွန်လူငယ်ဆုံမှတ် အနေဖြင့် အဓိကအားဖြင့် မွန်ညီညွတ်ရေး ပါတီအား ဝန်းရံထောက်ခံ သွားရန်နှင့် မွန်ညီညွတ်ရေးပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ဒေသများတွင် တခြားတိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများအား  အားပေးထောက်ခံကြရန် အတွက်ကို ကြေညာချက် ထုတ်ထားပါကြောင်း မွန်လူငယ်ဆုံမှတ် (MYF) မှ မင်းဉာဏ်စိုက်ရာမာန်က ပြောကြားသည်။

“အခုလို တိုင်းရင်းသား လူငယ်အချင်းချင်း ပူးပေါင်းပြီးတော့ တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ဆောင်ကြမယ့် ကိစ္စတွေကို ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု မင်းဉာဏ်စိုက်ရာမာန်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင်လည်း သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ နှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ပူးပေါင်းကာ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များအတွင်း မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူရာ၌ ဒေသခံ ကရင်တိုင်းရင်းသားများမှ တက်ရောက် ဝန်းရံပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (KPP) အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ၊ ဘီးလင်းမြို့နယ်တွင် မဲဆန္ဒနယ် သုံးနေရာ၊ ပေါင်မြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာ၊ ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာနှင့် ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အနေဖြင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းနေရာ၊ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံသွားမည် ဖြစ်ကြောင်းနှင့် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီဒေသကြီးများတွင် မဲဆန္ဒနယ် ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent