COVID-19 ရောဂါကာကွယ်ရေး သာမန်စဉ်းစား၍မရဘဲ ပြည်သူလူထု၏ အသက်မသေရေးသာမက ရပ်တည်ရေးအတွက်ပါ စဉ်းစားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

COVID-19 ရောဂါကာကွယ်ရေး သာမန်စဉ်းစား၍မရဘဲ ပြည်သူလူထု၏ အသက်မသေရေးသာမက ရပ်တည်ရေးအတွက်ပါ စဉ်းစားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 7 October 2020
မင်းနိုင်စိုး

COVID-19 ရောဂါ ကာကွယ်ရေး သာမန်စဉ်းစား၍မရဘဲ ပြည်သူလူထု၏ အသက်မသေရေးသာမက ပြည်သူလူထု ရပ်တည်ရေးအတွက်ပါ စဉ်းစားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“ ဒီ COVID-19 ဟာ သာမန်အားဖြင့်တော့ ရောဂါကြောင့်ဖြစ်တယ်ဆိုပေမဲ့ အခြားလူမှုစီးပွားကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာများစွာရှိတယ်။ သာမန်လေး ဒီရောဂါကာကွယ်ရေးလေးနဲ့ သွားစဉ်းစားလို့ မရဘူး။ အသက်မသေဖို့အတွက်တင် မဟုတ်ဘူး။ ရပ်တည်ဖို့အတွက်ပါ ငါတို့က စဉ်းစားရမှာဖြစ်တယ်။ လူတွေရဲ့ ရပ်တည်ဖို့အတွက်ပါ စဉ်းစားရမှာဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိပြီး ရောဂါ စတင်ဖြစ်ပွားခဲ့သည့် မတ် ၂၃ ရက်မှ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းအထိ ရောဂါပိုးကူးစက်ခံရသူ ၁၈၇၈၁ ဦးရှိပြီဖြစ်ကြောင်း၊ လအလိုက် ရောဂါကူးစက်မှုများအနက် စက်တင်ဘာတွင် ကူးစက်မှုနှုန်း အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရောဂါတွေ့ရှိမှုများသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများကို အမြန်ဆုံးကုသမှု ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရောဂါကာကွယ်ကုသဆေးနှင့်ပတ်သက်၍ အတည်ပြုချက်များ မရရှိသေးသဖြင့် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရခြင်း မရှိအောင် ကြိုတင်ကာကွယ်ခြင်းအပိုင်းဖြင့် သွားရမည်ဖြစ်ပြီး မဖြစ်မနေကိစ္စရပ်များမှအပ အပြင်မထွက်သည်မှာ အကောင်းဆုံးဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန်လိုအပ်ပြီး ပြင်ပတွင် Mask များကို စျေးနှုန်းမြှင့်တင်ရောင်းချနေမှုများနှင့် အရည်အသွေးမပြည့်မီသည့် Mask များ ရောင်းချနေမှုများကို တွေ့ရှိရသဖြင့် အမှန်တကယ် ထိရောက်စွာ အကာအကွယ်ပေးနိုင်သည့် Mask များကို ထုတ်လုပ်၍ ဝယ်ယူရန် မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းတာတောင် မတတ်နိုင်တဲ့လူတွေ ရှိမယ်။ ဒါတွေကို လှူဖို့တန်းဖို့ လုပ်ရလိမ့်မယ်။ နဂိုကမှ စားရေးအတွက် ငွေမရှိ ပိုက်ဆံမရှိလို့ စားရေးအတွက် အလုပ်ထွက်လုပ်ရရင် Mask အတွက် ဘာတတ်နိုင်မှာလဲ။ ဒါမျိုးတွေလည်း ကျွန်တော်တို့က တတ်နိုင်သမျှ တပ်မတော်က ကူညီပေးရမယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် အောက်စီဂျင်နှင့်ပတ်သက်၍ တပ်မတော်တွင်ရှိသော အောက်စီဂျင်ထုတ်သည့်စက်များ ကောင်းရန်လိုကြောင်း၊ အရပ်ဘက်တွင် လိုအပ်ပါက အောက်စီဂျင်အိုးများ လှူဒါန်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အရပ်ဘက်၌ အသက်ရှူရခက်သော လူနာများကိုသာ အောက်စီဂျင်ပေးနိုင်သည်ဟူသော ရေးသားမှုများရှိနေပြီး အဆိုပါ ရေးသားချက်များသည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တပ်မတော်က အောက်စီဂျင်အိုးများ ပို့ပေးရန်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။

“ ရန်ကုန်ဆေးရုံကြီးနဲ့ဆက်သွယ်။ ဒီမှာ အောက်စီဂျင်အိုးတွေ ရှိတယ်။ ကျွန်တော်တို့ ပေးမယ်။ တပ်က ကားနဲ့ သွားပို့ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ခုတင် (၅၀၀) ဆေးရုံကြီး ရှိမယ်။ ဒီလိုပဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်စီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာရှိမယ်။ ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူရခက်ခဲတယ်။ ဒီတော့ အောက်စီဂျင်ပေးဖို့ လှူဖို့တော့ လိုလိမ့်မယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

စက်တင်ဘာအတွင်း COVID-19 ကူးစက်မှုအခြေအနေသည် အလွန်စိုးရိမ်ကြောင့်ကြမှုရှိနိုင်ကြောင်း၊ ထို့ကြောင့် မည်သို့မျှမပေါ့ဆရန် လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

Most Read

Most Recent