သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Photos : Getty Images
Photos : Getty Images
Published 7 October 2020

■    လီဗာပူးလ်အသင်းသည် ၎င်းတို့၏ အကယ်ဒမီမှ ကစားသမားများကို ရောင်းချခြင်းအတွက် ပေါင် (၆၅)သန်းအထိဝင်ငွေရရှိခဲ့ကြောင်း Liverpool Echo သတင်းစာကဖော်ပြခဲ့သည်။ လီဗာပူးလ်အသင်းသည် လူငယ်တိုက်စစ်မှူး ဘရူးစတားကို ရှက်ဖီးယူနိုက်တက်အသင်းသို့ ရောင်းချခြင်းအတွက် ပေါင် (၂၃.၅)သန်းအထိရရှိခဲ့ပြီး၊ လူငယ်နောက်ခံလူ ဟိုဗာကို ဝုလ်ဗ်အသင်းသို့ရောင်းချခဲ့ခြင်းအတွက်လည်း ပေါင် (၁၃.၅)သန်းအထိရရှိခဲ့ကြောင်း သိရသည်။ အသင်းအနေဖြင့် လူငယ် (၈)ဦးရောင်းချခြင်းအတွက် စုစုပေါင်း ပေါင် (၆၅.၇)သန်းရရှိ ခဲ့ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

■    အာဆင်နယ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ်မာဆင်က လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာ၏ နည်းစနစ်များနှင့် အာဆင်နယ်အသင်း၏ ကစားပုံကို ဝေဖန်ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းတွင် ၁၉၈၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ (၁၂)နှစ်ကြာကစားခဲ့သူ ပေါလ်မာဆင်က အာတီတာသည် ဂိုးသမားနှင့်နောက်တန်းကို ယုံကြည်မှုလွန်ကဲပြီး ဘောလုံးကို အလွန်ကိုင်ကစားစေကြောင်း၊ လက်ရှိကစားသည့်ပုံစံကို မပြင်ဆင်နိုင်ခဲ့ပါက အသင်းကြီးများနှင့် ရင်ဆိုင်သည့်ပွဲများတွင် အပြတ်အသတ်ရှုံးနိမ့်နိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။

■    မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်း၏လူငယ်ကွင်းလယ်လူ ဖိုဒန်(၂၀ နှစ်)မှာ အင်္ဂလန်အသင်း၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်အပြီး သူ၏အမှားကို အကောင်းဆုံးပုံစံဖြင့် ပြန်လည်ပေးဆပ်ခဲ့ကြောင်းပြောကြားခဲ့သည်။ ဖိုဒန်သည် အိုက်စလန်နိုင်ငံ၌ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်နှင့်အတူ မိန်းမငယ်များနှင့်ပျော်ပါးခဲ့၍ အင်္ဂလန်လက်ရွေးစင်အသင်းမှ ပြန်လည်ချန်လှပ်ခံခဲ့ရပြီး နေအိမ်သို့ ပြန်ပို့ခံခဲ့ရသူဖြစ်သည်။ ယင်းဖြစ်ရပ်အပြီးတွင် ဖိုဒန်သည် အလွန်ကြိုးစားလျက်ရှိနေကြောင်း ဂွါဒီယိုလာက ဆိုခဲ့သည်။

■     ချယ်လ်ဆီးအသင်း၏နောက်ခံလူသစ် ဘင်ချီဝဲလ်က  ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄-၀)ဂိုးဖြင့်အ နိုင်ရသောပွဲတွင် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားအနေဖြင့် အသင်းအပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း၊ ယင်းနိုင်ပွဲအတွက် သီယာဂိုဆေးလ်ဗား၏ အတွေ့အကြုံ၊ စွမ်းဆောင်ရည်များက အဓိကကျခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘင်ချီဝဲလ်က "သူ(သီယာဂိုဆေးလ်ဗား)ဟာ အသင်းဖော်တွေဆီက အကောင်းဆုံးအရည်အသွေးတွေထွက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။ သူက အသင်းသားတွေ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent