ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တင်းကျပ်သည့် STAY at HOME ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့သည်မှာ အောက်တိုဘာ ၇ ရက် (ယနေ့) တွင် နှစ်ပတ် ပြည့်မြောက်လာပြီ ဖြစ်သော်လည်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း အရှိန်လျော့ကျခဲ့ခြင်းမရှိဘဲ ရောဂါပိုးတွေ့ရှိသူ အရေအတွက် နေ့စဉ်တိုးမြင့်နေဆဲ ဖြစ်သည့်အပြင် တစ်ဖက်၌လည်း အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အပါအဝင် အထွေထွေ အခက်အခဲများစွာ ဖြစ်ပေါ်လာလျက်ရှိနေသဖြင့် လက်ရှိပြုလုပ်နေသည့် ရောဂါထိန်းချုပ်ရေး ချဉ်းကပ်မှုများအပေါ် ဝေဖန်မှုများစွာ မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အဆမတန် များပြားလာသဖြင့် ယင်းအခြေအနေကို ထိန်းချုပ်ရန်အတွက် စက်တင်ဘာ ၂၁ ရက်တွင် တင်းကျပ်သည့် STAY at HOME ညွှန်ကြားချက်ကို ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားသော မြို့နယ်အားလုံး၌ ထုတ်ပြန်ခဲ့သော်လည်း နှစ်ပတ်ကြာခဲ့သည်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက် လျော့ကျသွားခြင်းမရှိဘဲ နေ့စဉ် ရောဂါပိုးတွေ့ရှိသူ အရေအတွက် များပြားနေဆဲ ဖြစ်သည်ကို တွေ့ရပြီး ထို့အတွက် အစိုးရအနေဖြင့် လုပ်သင့်သည့် အခြေအနေတစ်ရပ်ကို ရွေးချယ်လုပ်ကိုင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“အာဏာပိုင် အဖွဲ့အစည်းကို ဖြေရှင်းနိုင်အောင်က နည်းလမ်းက မဖြစ်မနေ ရှာရတော့မယ်လေ။ အာဏာပိုင် အဖွဲ့အစည်းတွေ က ရွေးကောက်ပွဲကို သွားပြီးမဲနေလို့ မရတော့ဘူး။ ဒီဟာကြီးကို ဖြေရှင်းမှ ရတော့မယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးလည်း ပြောပါတယ်။ နှစ်ပတ် သုံးပတ်ပေါ့။ အခုက လဆန်းပိုင်းကိုတောင် ပြန်ရောက်လာနေပြီ။ လကုန်ပိုင်းလောက်ကတည်း နည်းနည်းလေး လျော့လာတာမျိုး။ ကျွန်တော်တို့လည်း အကောင်းဘက်ကို မျှော်လင့်တာပါ။ ဘာဖြစ်လို့ ဦးကျော်ဇေယျက အကောင်းဘက်ကို မျှော်လင့်လဲမေးရင် ကျွန်တော်တို့က မဲစည်းရုံးချင်တယ်လေဗျာ။ ဒါပေမဲ့ အခုက ကျွန်တော်တို့က မဲစည်းရုံးဖို့တွေကို မစဉ်းစားတော့ဘူး။ လုပ်ချင်တာထက် လုပ်သင့်တာကို စဉ်းစားရတော့မယ်” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက် နောက်ပိုင်းတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ အရေအတွက် လျော့ကျခဲ့ခြင်း မရှိဘဲ နေ့စဉ်မြင့်တက်ခဲ့သည်ကို တွေ့ရပြီး ယင်းကာလအတွင်းတွင် COVID-19 ရောဂါပိုး တွေ့ရှိသူပေါင်း တစ်သောင်းခွဲကျော်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တင်းကျပ်သည့် STAY at HOME အမိန့် အသက်ဝင်ထားသည့် မြို့နယ် ၄၄ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ တစ်သောင်း တစ်ထောင်ကျော် ရှိနေခဲ့သည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအရ သိရသည်။
ယင်းနှစ်ပတ်တာ ကာလအတွင်း ပိတ်သိမ်းရမည့် စက်ရုံအလုပ်ရုံများစ ာရင်းတွင် ပါဝင်သည့် စက်ရုံအလုပ်ရုံများ၌ လုပ်ကိုင်နေသူများစွာ စားဝတ်နေရေး အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရပြီး လက်ရှိတွင်လည်း ယင်းစက်ရုံ အလုပ်ရုံများမှာ လာမည့် နှစ်ပတ်အထိ ထပ်မံပိတ်သိမ်းရန် အစိုးရက အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
လက်ရှိတွင် အထည်ချုပ်စက်ရုံကဲ့သို့သော CMP လုပ်ငန်းများ လုပ်ငန်းလည်ပတ်ခွင့်ကို အောက်တိုဘာ ၂၁ ရက်အထိ ဆက်လက် ရပ်ဆိုင်းထားရန်အတွက် အစိုးရက အမိန့်ထုတ်ပြန်ထားရာ အလုပ်ပိတ်သိမ်းထားသည့် ရက်များအတွက် လုပ်ခလစာ မရရှိသည့် စက်ရုံအလုပ်သမားများစွာ စားဝတ်နေထိုင်ရပ်တည်ရေး အခက်အခဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
“စက်တင်ဘာလအတွက် လစာကို မနေ့ကတော့ ရပါပြီ။ ဒါပေမဲ့ ဒီပိတ်တဲ့ ခုနစ်ရက်စာတော့ မပါဘူး။ ၂၃ ရက်နေ့အထိပဲ ပေးထားတယ်ပေါ့။ အဲဒီအတွက် ကျွန်မတို့အနေနဲ့က အိမ်ကိုလည်း ပေးရတယ်။ ဒီမှာလည်း သုံးဖို့လည်း ချန်ထားရတယ်။ ခုဆို အစိုးရက ၂၁ ရက်အထိ ထပ်တိုးလိုက်တော့ ကျွန်မတို့အတွက် ဒီပိုက်ဆံလေးနဲ့ ဘယ်လိုမှလောက်မှာ မဟုတ်ပါဘူး။ ခုဆိုအစိုးရက ထပ်ပိတ်လိုက်တော့ အလုပ်ရှင်တွေကလည်း အလုပ်မဆင်းတဲ့ ရက်တွေကို ပိုက်ဆံမပေးဘူးဆိုရင် ကျွန်မတို့အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ အများကြီးတိုးလာနိုင်ပါ တယ်။ အိမ်လည်းပြန်လို့မရ၊ ဒီမှာကျတော့လည်း အဆောင်စရိတ်တွေ၊ စားစရိတ်တွေနဲ့ အခက်အခဲတွေအများကြီး ကြုံတွေ့နိုင်ပါတယ်” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) ရှိ ဖုန်းအားသွင်းကြိုးစက်ရုံမှ အလုပ်သမားတစ်ဦးက ဆိုသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက် ပြီး လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “ကျွန်တော်တို့အနေနဲ့ကတော့ အလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အပြည့်အဝ ပေးစေချင်တယ်။ အလုပ်ရှင်နဲ့ အခက်အခဲတွေကိုလည်း သိတော့သိတယ်။ သို့သော်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုတော့ အပြည့်အဝ ပေးစေချင်တယ်။ ရစေချင်တယ်။ နောက်တစ်ခုက အလုပ်သမားတွေအနေနဲ့လည်း မိမိတို့ရဲ့ စက်ရုံအလိုက် အဖွဲ့အစည်းအလိုက် ညှိနှိုင်းပေါင်းစပ်ရမယ့် ကဏ္ဍတွေမှာ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းပေါင်းစပ်လိုက်မယ်ဆိုရင် ဒီကာလမှာ နားလည်မှုလေးတွေ ယူပြီးတော့ အရင်လို တင်းတင်းမာမာကြီး ဆောင်ရွက်တာထက်စာရင် အခုအားလုံးက အခက်အခဲ ဖြစ်နေကြတဲ့အခါဆိုတော့ ညှိနှိုင်းဆောင်ရွက်ရင် ပြေလည်သွားနိုင်တယ်လို့ ထင်တယ်” ဟု ပြောကြားသည်။
ထို့ပြင် COVID-19 ကာလအတွင်း အစိုးရ၏ ထောက်ပံ့ကြေးပေးသည့် စာရင်းတွင် မပါဝင်ဟုဆိုသည့် အငှားယာဉ်မောင်း များစွာမှာလည်း တင်းကျပ်သည့် STAY at HOME အမိန့်ကာလ မတိုင်မီကပင် စီးနင်းသူ နည်းပါးခဲ့ခြင်းကြောင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိရန်အတွက် အခက်ကြုံနေရသည်ဟုသိရပြီး တင်းကျပ်သည့် STAY at HOME အမိန့် စတင်ပြီးနောက်ပိုင်းတွင် ကားပြန်အပ်ခဲ့ရသည့် အငှားယာဉ်မောင်း များစွာရှိနေကြောင်းလည်း သိရသည်။
“ကားမဆွဲတော့တာ တစ်လခွဲလောက်ရှိပြီ။ STAY HOME အမိန့် စထုတ်ကတည်းပေါ့။ အဓိက ကတော့ လူမရှိတော့ ခရီးသည်မရဘူး။ နောက်ပိုင်းကျ အခြေအနေတွေက မြို့နယ်တွေ မကျော်ရတွေ ဘာတွေပါ ဖြစ်လာတော့ ပိုဆိုးကုန်ရော။ အခြေအနေမကောင်းတော့ ကားမဆွဲဘဲ ရပ်ထားလိုက်တာ။ တစ်ရက် သုံးထောင်ရဖို့တောင် အနိုင်နိုင်ဖြစ်လာပြီလေ။ ထောက်ပံ့ကြေးကကျတော့ Taxi သမားတွေ မရဘူးလေ။ အစိုးရကပေးတဲ့ ဆန်ဆီဆား ပိုက်ဆံတွေပေါ့။ မရဘူးလေ။ ဒီလိုပဲ အကူအညီတွေတောင်းရင်း အခက်အခဲတွေ ကို ဖြေရှင်းနေရတာပေါ့” ဟု အငှားယာဉ်မောင်း တစ်ဦးဖြစ်သည့် ကိုရဲဇော်ထက်က ပြောကြားသည်။
COVID-19 ကာလအတွင်းတွင် အငှားယာဉ်မောင်းကဲ့သို့သော အလုပ်အကိုင် လုပ်ကိုင်ကြသည့် ပြည်သူများမှာ အခြားသော အခြေခံလူတန်းစားများနည်းတူ အခက်ကြုံနေရသော်လည်း အစိုးရထောက်ပံ့မှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်းသိရပြီး လက်ရှိထောက်ပံ့မှုများ ပြုလုပ်နေခြင်းမှာလည်း အမှန်တကယ် ထိရောက်ခြင်း ရှိ မရှိ ပြန်လည်သုံးသပ်၍ ထိရောက်သည့် ထောက်ပံ့ရေးမူဝါဒတစ်ခုကို ရွေးချယ်စဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။
“ငွေကြေးကို တစ်သောင်းခွဲနှုန်း နှစ်သောင်းနှုန်း ပေးတယ်။ အဲဒါကို စပေးပြီဆိုကတည်းက ပြည့်ပြည့်စုံစုံ လုံလောက်ရဲ့လားပေါ့။ တကယ်ဆို အဲဒီကတည်းက အဖြေထွက်နေပြီလေ။ ရန်ကုန်တိုင်း အတိုင်းအတာနဲ့ပဲပြောရရင် စဖြစ်တုန်းက ဝန်ကြီးချုပ်ကြီး လှိုင်သာယာမှာ သွားပေးတယ်။ လူစုလူဝေးနဲ့ ရတဲ့သူကရ မရတဲ့သူက မရဖြစ်တယ်။ အဲဒီမှာ စပေးကတည်းကိုက အခက်အခဲဖြစ်နေပြီ။ ဒါကြောင့် ဒါကို ထိရောက်လား မထိရောက်ဘူးလား ဆိုတာကို အဲဒီကတည်းက ဆန်းစစ်တော့။ ဒါတောင် ဖြစ်ခါစပဲ ရှိသေးတာ။ ဖြစ်ခါစမှာ အန်ကယ်တို့နိုင်ငံမှာ သိပ်ပြီးတော့ မများသေးဘူး။ လာအိုနဲ့ တစ်ပြိုင်တည်းလိုဖြစ်တဲ့ ဖြစ်ခါစကတည်းက ထောက်ပံ့တယ်။ အဆင်ပြေလားဆိုတော့ အဲဒီကတည်းက အဆင်မပြေဘူး။ နောက်တစ်ခါ ပိုက်ဆံပေးတယ်။ ပိုက်ဆံပေးလည်း အဆင်မပြေဘူး။ အဲဒီတော့ ဒီမူဟာ ပြင်သင့်တယ်လေ” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ထို့ပြင် ၎င်းက “အခုဟာက လွှတ်တော်ကတော့ ခေါ်လို့မရဘူးပေါ့။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ခက်တာက အန်ကယ်တို့ ရန်ကုန်တိုင်းမှာက လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်နေရာ၊ ဘယ်အခန်းကဏ္ဍကမှ တာဝန်ပေးထားတာမျိုး မရှိ ဘူး။ ဒီ COVID-19 ကာကွယ်ထိန်းချုပ် ကုသမှုနဲ့ ပတ်သက်လို့ပေါ့။ အဲဒါကျ ခက်တယ်ပေါ့။ အန်ကယ်တို့က လိုအပ်တဲ့အကြံဉာဏ် သွားပေးတော့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပါးစပ်ကတော့ မပြောဘူးပေါ့။ ဒါပေမဲ့ အန်ကယ်တို့ကလည်း အုပ်ချုပ်ရေး လုပ်လာခဲ့တော့ သိတယ်လေ။ ထောက်ပံ့ကြေးတွေ ထိရောက်ဖို့ဆိုရင် ကိုယ်စားလှယ်တွေ ဝိုင်းပြီးကူမှရမယ်။ ကိုယ်စားလှယ်တွေကို နိုင်ငံတော်က လစာပေးထားတာလေ။ အဲဒီတော့ တန်အောင်ခိုင်းပါပေါ့”ဟု ဆက်လက် ပြောကြားသည်။
လက်ရှိ မြင့်တက်နေသည့် COVID-19 အတည်ပြုလူနာ တွေ့ရှိမှုများအား ထိန်းချုပ်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် အဓိကနှင့် သာမညကို ခွဲခြားကာ လုပ်သင့်သည် အခြေအနေတစ်ရပ်ကို ရွေးချယ်လုပ်ဆောင်ရန်အတွက် လိုအပ်လာပြီဖြစ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြု ပြောကြားသည်။
“ဘယ်သူ့ကိုပဲ မေးမေးပါ။ ဒါကြီးကို သက်သာစေချင်တာပဲလေ။ ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်လည်း ကိုယ့်နိုင်ငံက အများဆုံး အဆိုးဆုံး ဖြစ်နေတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် လူဦးရေရော လူနေသိပ်သည်း ထူထပ်မှုတွေအရရော အခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးကြည့်ရင် ပိုပြီးတော့ ဆိုးနေတယ်။ အနှစ်သာရကတော့ တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းတွေက တစ်ခုခုတော့ လုပ်သင့်ပြီ။ တစ်ခုခု လုပ်သင့်ပြီဆိုတာက ကာကွယ်ဆေးကြီးပဲ မျှော်လင့်နေလို့ မရတော့ဘူး။ ဘာလုပ်သင့်တယ် ဆိုတာကို အဖြေရှာသင့်ပြီ။ အခုက အမိန့်တွေကလည်း ထွက်။ ဒီ STAY HOME တွေ လုပ်လိုက်၊ Lockdown တွေ လုပ်လိုက်၊ ဂိတ်တွေ ပိတ်လိုက် ကုန်စည်စီးဆင်းမှုတွေကို ရပ်လိုက်၊ ဒီ Test Kit တွေ ဝယ်မယ် ပြောလိုက်၊ မဝယ်ဘူးပြောလိုက်၊ ဝယ်တဲ့အခါကျတော့လည်း စီမံချက်က မရှိတော့ လက်တန်းဖြစ်လိုက်။ တခြားဟာမပြောနဲ့ အန်ကယ့်ရဲ့ အမျိုးသား ဗဟိုဓာတ်ခွဲခန်းကြီးမှာတောင် အခက်အခဲတွေ ဖြစ်သွားသေးတာ။ ဘာတွေ အခက်အခဲဖြစ်လဲ ပြောရမယ်ဆိုရင်၊ မနိုင်မနင်းနဲ့ လုပ်ရတော့ ဝန်ထမ်းတွေပါ ရောဂါတွေကူးကုန်ရော။ အဲဒီမှာ ဆိုရင် ဝန်ထမ်းမိသားစုက ၁၅ ယောက်လောက် ကူးသွားတယ်။ အခုကူးတယ် ဝန်ထမ်းတွေကို မိမိအိမ်မှာပဲ ကုရမယ်ဆိုတော့၊ မိမိအိမ်မှာပဲ များသွားရင် ဘယ်လိုလုပ်မလဲ။ ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်လိုလုပ် Round လှည့်နိုင်မှာလဲ။ အဲဒါကြောင့် အန်ကယ်တို့က ကုန်စည်စီးဆင်းတာရော၊ ရောဂါကြောင့် အခက်အခဲ ဖြစ်တာရော ဆိုးသည်ထက် ဆိုးလာပြီ။ အန်ကယ်တို့ကလည်းအကောင်းပဲ မျှော်လင့်တယ်။ တကယ်ကို စိတ်မချမ်းသာစရာတွေပဲ”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။















