၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားထက်ဝက်ခန့်ကသာ ကျိန်းသေမဲပေးမည်ဟု ပြည်သူများက သဘောထားမှတ်ချက်ပြုထားကြောင်း ရွေးကောက်ပွဲအကြိုစစ်တမ်းတစ်စောင်တွင် ဖော်ပြ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားထက်ဝက်ခန့်ကသာ ကျိန်းသေမဲပေးမည်ဟု ပြည်သူများက သဘောထားမှတ်ချက်ပြုထားကြောင်း ရွေးကောက်ပွဲအကြိုစစ်တမ်းတစ်စောင်တွင် ဖော်ပြ
Published 7 October 2020
ပြည့်ဖြိုးအောင်

မဲပေးလိုစိတ်နှင့်ပတ်သက်၍ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသား ထက်ဝက်ခန့်ကသာ ကျိန်းသေမဲပေးမည်ဟု ပြည်သူများက သဘောထားမှတ်ချက်ပြုထားကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ ရွေးကောက်ပွဲအကြိုစစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းစစ်တမ်းကို ယခုနှစ်လယ်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections- PACE) က တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ယူခဲ့သည့် ရွေးကောက်ပွဲအကြို လူထုသဘောထားအမြင် စစ်တမ်းတွေ့ရှိချက်များ၏ ကနဦးအစီရင်ခံစာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံသားများ၏ သဘောထားအမြင်များကို သိရှိနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွေ့ဆုံမေးမြန်းမှုပေါင်း ၂၅၇၇ ခုကို သြဂုတ် ၃ ရက်မှ ၅ ရက်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမေးမြန်းရာတွင် အဓိကအားဖြင့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိနားလည်းမှု အတိုင်းအတာ မဲပေးလိုစိတ်၊ လက်ရှိနိုင်ငံ၏ ယေဘုယျအခြေအနေနှင့် ဦးစားပေးပြဿနာများနှင့် ပတ်သက်၍ အမြင်သဘောထား၊ နိုင်ငံရေး အင်စတီကျူရှင်းများအပေါ် ယုံကြည်မှု အတိုင်းအတာ၊ နိုင်ငံရေးပါတီများအပေါ် အမြင်၊ ကိုယ်စားလှယ်လောင်းများအပေါ် သဘောထားအမြင်၊ အစိုုးရနှင့် နိုင်ငံရေးဆိုင်ရာ သတင်းအရင်းအမြစ် စသည်တို့နှင့်ပတ်သက်၍ မေးမြန်းခဲ့ကြောင်း စစ်တမ်းတွင် ပါရှိသည်။

နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား အပြောင်းအလဲအနည်းငယ်ရှိပြီး ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းနေသည်ကို တွေ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံသားအများစုက လျှို့ဝှက်ဆန္ဒမဲပေးခွင့်ရှိခြင်း၊ ဘက်လိုက်မှုကင်းသော ကော်မရှင်၊ မဲလိမ်၊ မဲခိုး၊ မဲမသမာမှု မရှိခြင်း၊ ဆန္ဒမဲများကို မှန်ကန်စွာရေတွက်ခြင်း၊ မဲရလဒ်များကို မှန်ကန်စွာ ထုတ်ပြန်ကြေညာခြင်း၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရရှိခြင်း၊ မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများမရှိခြင်း စသည့်အချက်များ မှာ ရွေးကောက်ပွဲတစ်ခု၏ လွတ်လပ်၍ တရားမျှတမှု အတိုင်းအတာကို တိုင်းတာရန်အတွက် အရေးကြီးသည့် အချက်များဖြစ်သည်ဟု သဘောတူသည်ကို တွေ့ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် စစ်တမ်းမှ တွေ့ရှိချက်များနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အထက်ပါ အရည်အသွေးများနှင့် ပတ်သက်၍ သိမြင်လက်ခံမှု ပိုများလာသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း ရှိ မရှိ သတ်မှတ်ဆုံးဖြတ်ရာတွင် မြန်မာအစိုးရ၏ သဘောထားအမြင်က အရေးအကြီးဆုံးဖြစ်သည်ဟု နိုင်ငံသားများ၏ ထက်ဝက်ခန့်က ဖြေကြားခဲ့ကြသည့်အပြင် ဒုတိယနှင့် တတိယအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လွတ်လပ်၍ အမှီအခိုကင်းသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ သဘောထားအမြင်များက အရေးကြီးသည်ဟု ဖြေကြားကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ 

နိုင်ငံသားများ၏ သုံးပုံတစ်ပုံက လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်စရာ သို့မဟုတ် စိန်ခေါ်မှုများမရှိဟု ဖြေဆိုကြသော်လည်း သုံးပုံတစ်ပုံက COVID-19 သို့မဟုတ် ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည်ဟု ဖြေကြားခဲ့သည့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှာ ဒေသအာဏာပိုင်များနှင့် ကော်မရှင်အဖွဲ့ခွဲများ ဖြစ်ကြသော်လည်း နိုင်ငံသားများ၏ သုံးပုံတစ်ပုံက ၎င်းတို့ပတ်ဝန်းကျင်တွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ လုံးဝမတွေ့ရှိဟု ဖြေကြားကြကြောင်း၊ မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍မူ နိုင်ငံသားထက်ဝက်ခန့်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာ ပြသစဉ်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏အမည်နှင့် မိသားစုဝင်များ၏ အမည်များကို တွေ့ရှိသည်ဟု ဖြေကြားကြသော်လည်း ထက်ဝက်ခန့်ကမူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်း မပြုလုပ်ခဲ့ကြဟုဆိုကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent