ရွေးကောက်ပွဲယှဉ်ပြိုင်မည့်ပါတီ၏ ဖြတ်သန်းမှုသမိုင်းကြောင်းအပြင် ကိုယ်စားလှယ်လောင်း၏ ဖြတ်သန်းမှုနှင့် အရည်အသွေးကိုလည်း လေ့လာရွေးချယ်ရန် ပြည်သူ့ပါတီ တိုက်တွန်း

ရွေးကောက်ပွဲယှဉ်ပြိုင်မည့်ပါတီ၏ ဖြတ်သန်းမှုသမိုင်းကြောင်းအပြင် ကိုယ်စားလှယ်လောင်း၏ ဖြတ်သန်းမှုနှင့် အရည်အသွေးကိုလည်း လေ့လာရွေးချယ်ရန် ပြည်သူ့ပါတီ တိုက်တွန်း
Published 6 October 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ပါတီ၏ ဖြတ်သန်းမှုသမိုင်းကြောင်းနှင့် မူဝါဒရပ်တည်ချက်များအပြင် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဖြတ်သန်းမှု၊ အနစ်နာခံမှုနှင့် အရည်အသွေးတို့ကိုလည်း လေ့လာရွေးချယ်ရန် ပြည်သူ့ပါတီက တိုက်တွန်းသည်။

အစိုးရကို ထိန်းကျောင်းစိစစ်နိုင်ခြင်းမရှိသည့် စနစ်ဆိုး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျိုးဆက်များကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ကြရသောကြောင့် ယင်းသို့တိုက်တွန်းရခြင်းဖြစ်ကြောင်း ပါတီမိန့်ခွန်းတွင် ဖော်ပြထားသည်။

အဆိုပါအချက်အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စိစစ်ဖြတ်တောက်ခဲ့သည့်အချက်များ ပါဝင်သော ပြည်သူ့ပါတီ ရွေးကောက်ပွဲမိန့်ခွန်းကို ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပါတီ Facebook စာမျက်နှာတွင် အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ပြည်သူ့ပါတီကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့  ပြည်နယ်လွှတ်တော်အသီးသီးမှာ ရွေးချယ်ခံရမဲ့ ကိုယ်စားလှယ်များဟာ လွှတ်တော်အသီးသီးရဲ့ အခန်းကဏ္ဍအား ကောင်းသက်ဝင်လာစေဖို့ အစိုးရကို ဥပဒေနဲ့အညီ စိစစ်ထိန်းကျောင်းသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သည် ရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်စပ်သောကြောင့် အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် အထူးပြုဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် တာဝန်ယူခွင့်ရမည်ဆိုလျှင်  ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်ပြီး ပြည်သူလူထု အကာအကွယ်ဖြစ်စေမည့်၊ အကျိုးခံစားရရှိစေမည့်ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်မြှင့်တင်နိုင်စေဖို့၊ လူငယ်များအတွက် အနာဂတ်အခွင့်အလမ်းများ ဖန်တီးနိုင်ဖို့ဟာ ပြည်သူ့ပါတီရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အာဏာရှင်စနစ်ကို ပြန်မသွားဖို့အတွက် အစိုးရကို စိစစ်ထိန်းကျောင်းခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်ပါတယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ဓမ္မနှင့် အဓမ္မတိုက်ပွဲတွင် ယုံကြည်သည့် ဓမ္မဘက်မှ နှစ်ပေါင်း ၃၂ နှစ်ကျော် ရပ်တည်တိုက်ပွဲဝင်ခဲ့သူများ ဖြစ်သည့်အတွက် ဓမ္မလက်တွဲဖော်များကို လေးစားတန်ဖိုးထားကြောင်း၊ ဓမ္မဘက်တော်သားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ စုစည်းညီညွတ်သောနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဒီမိုကရေစီရေးနှင့် တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးအပေါ် တစ်စိုက်မတ်မတ် ယုံကြည်ကြိုးပမ်းခဲ့သည့် မိတ်ဆွေများ၊ နိုင်ငံရေးပါတီများနှင့် မဟာမိတ်မူဝါဒ ကျင့်သုံးကာ နိုင်ငံတော်သစ် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။

အဆိုပါ ပြည်သူ့ပါတီမိန့်ခွန်းထဲမှ အချက်အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဖြတ်တောက်ခဲ့၍ နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောသည့်အစီအစဉ်၌ မပါဝင်ဘဲ ပါတီ Facebook စာမျက်နှာတွင်သာ ​ဟောပြောတင်ပြခဲ့ပြီး ပုဂ္ဂလကိသတင်းစာများတွင်လည်း ထည့်သွင်းကြေညာခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီမိန့်ခွန်းကို ဖြတ်တောက်၊ တည်းဖြတ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံး စံချိန်စံညွှန်းနှင့် ကျင့်စဉ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ဝေဖန်ခဲ့သည်။

ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ စုစည်းတည်ထောင်သည့် ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၈ ခုနစ်အတွင်း တည်ထောင်သည့် ပြည်သူ့ပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဉ်မည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးမှာ မွေးရပ်ဇာတိ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့ပြင် ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အထွေထွေအတွင်းမှူး ဦးကျော်ကျော်ထွေး (ခ) မာကီး အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈၈ မျိုးဆက်အချို့လည်း ရွေးကောက်ပွဲယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်သူ့ပါတီအနေဖြင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

Most Read

Most Recent