COVID-19 ကူးစက်ရောဂါကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများတွေ့ကြုံနေရဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ပြောကြား

COVID-19 ကူးစက်ရောဂါကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများတွေ့ကြုံနေရဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ပြောကြား
Published 6 October 2020
ဘိုဘိုမြင့်

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း မွန်ညီညွတ်ရေးပါတီမှ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းထွန်းက ပြောကြားသည်။

“ စည်းရုံးရေးဆင်းတဲ့အခါမှာ တွေ့ကြုံရတာက ကျိုက်ထိုမြို့ပေါ်က ပြည်သူတွေဆိုရင် အပြင်သိပ်မထွက်ကြတော့ဘူး။ ကျေးရွာတွေကိုသွားရင်လည်း ပါတီမိတ်ဆက်လုပ်ဖို့အတွက်ကို သက်ဆိုင်ရာကျေးရွာက ရာအိမ်မှူးတွေကို အကူအညီတောင်းပြီးတော့မှ ပြည်သူ လေး၊ ငါး၊ ၁၀ ယောက်လောက် စုပေးဖို ့ပြောဆိုပြီးတော့မှ ကျွန်တော်တို့က စည်းရုံးရတာတွေရှိပါတယ်။ တချို့ရွာတွေကျတော့ ပေးမဝင်တာတွေရှိတယ်။ ဂိတ်တွေထားပြီး တားထားတာတွေရှိပါတယ်။ ဘယ်ပါတီကိုမှ ပေးမဝင်ဘူးဆိုပြီး ပြောတာတွေလည်း ရှိပါတယ်” ဟု ဦးဝင်းမင်းထွန်းက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များအား ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၁ အုပ်စုတွင် ၆ ပေ × ၄ ပေ အရွယ် ဆိုင်းဘုတ်များအား နေရာအနှံ့အပြား စိုက်ထူထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကျေးရွာများတွင် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များ စိုက်ထူထားကြောင်း၊ ကျိုက်ထိုမြို့နှင့် သိမ်ဇရပ်မြို့များတွင် ၁၅ ပေ × ၈ ပေ အရွယ်ဆိုင်းဘုတ်နှစ်ခုကို ပြီးခဲ့သည့်အောက်တိုဘာ ၃ ရက်က စိုက်ထူခဲ့ကြောင်း၊ လက်ရှိတွင်လည်း ကျေးရွာများသို့ဆင်းပြီး ပါတီမိတ်ဆက်ခြင်း၊ စည်းရုံးဟောပြောခွင့်ရသည့်နေရာများတွင် စည်းရုံးဟောပြောခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ ပန်းဖလက်များဝေငှခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ဦးဝင်းမင်းထွန်းက ဆိုသည်။

“ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ ့လွှတ်တော်တွေထဲမှာ နေရာအသင့်တင့်ရရှိမှသာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တိုင်းရင်းသားပါတီတွေအားလုံးက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကို ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေကို အားပေးကြဖို ့တိုက်တွန်းချင်ပါတယ်” ဟု ဦးဝင်းမင်းထွန်းက ဆိုသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် တစ်နေရာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ၊ မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ၊ ဘုတ်ပြင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော် တစ်နေရာနှင့် မြိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော်နှစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ၊ ကော့သောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနှင့် ပုလောမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာ ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၌ ရွှေပြည်သာ-မှော်ဘီ-ထန်းတပင်မြို့နယ်များတွင် အမျိုးသားလွှတ်တော် တစ်နေရာ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ သာကေတနှင့် စမ်းချောင်းမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာစီနှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent