နိုင်ငံတော်အနေဖြင့် ဆေးရုံနှင့် မဲရုံ မည်သည်ကအရေးကြီးကြောင်း ရွေးချယ်ရမည်ဖြစ်ပြီး ကော်မရှင်က COVID-19 ကြောင့် ရွေးကောက်ပွဲမရွှေ့နိုင်ကြောင်း ပြောဆိုမှုအပေါ် စိတ်ပျက်မိဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

နိုင်ငံတော်အနေဖြင့် ဆေးရုံနှင့် မဲရုံ မည်သည်ကအရေးကြီးကြောင်း ရွေးချယ်ရမည်ဖြစ်ပြီး ကော်မရှင်က COVID-19 ကြောင့် ရွေးကောက်ပွဲမရွှေ့နိုင်ကြောင်း ပြောဆိုမှုအပေါ် စိတ်ပျက်မိဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 3 October 2020
ပြည့်ဖြိုးအောင်

နိုင်ငံတော်အနေဖြင့် ဆေးရုံနှင့် မဲရုံ  မည်သည်က အရေးကြီးကြောင်း ရွေးချယ်ရမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က COVID-19 ကြောင့် ရွေးကောက်ပွဲ မရွေ့နိုင်ကြောင်း ပြောကြားမှုအပေါ် စိတ်ပျက်မိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီက ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ပြည်ခိုင်ဖြိုးပါတီ၏ Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် COVID နှင့် ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် ဒုတိယဥက္ကဋ္ဌ (၂)ဦးခင်ရီက ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“COVID ဒုတိယလှိုင်း ပြင်းထန်လာတယ်ဆိုတဲ့အချိန်မှာ COVID ရောဂါတားဆီးကာကွယ်ရေးသည် ပထမ၊ ရွေးကောက်သည် ဒုတိယ၊ ဒါဟာ အမျိုးသားရေးတာဝန် ဖြစ်တယ်။ အများကဝိုင်းပြီး ဒီကိစ္စကို ကာကွယ်တားဆီးရမယ်။ နိုင်ငံတော်အပိုင်းက ဆေးရုံနဲ့ မဲရုံ ဘယ်ဟာ အရေးကြီးလည်း ရွေးရမယ်။ ဒီအပေါ်မှာ ချင့်ချင့်ချိန်ချိန် သုခမိန်လုပ်ပါလို့ ကျွန်တော် ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်ဘက်က COVID ကြောင့်တော့ ရွေးကောက်ပွဲရွှေ့စရာ လုံးဝအစီအစဉ်မရှိဘူးလို့ ယတိပြတ် ဆုံးဖြတ်ချက်လိုက်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ကျွန်တော်တို့ စိတ်ပျက်တယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်” ဟု ဦးခင်ရီက ပြောကြားသည်။

COVID ၏ အန္တရာယ်သည်ကျမသွားဘဲ ဆက်လက်ဖြစ်ပွားလာပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုရှိ မြို့နယ် ၁၁ မြို့နယ်တွင် Stay at Home သတ်မှတ်ခဲ့ရကြောင်း ဦးခင်ရီက ပြောကြားသည်။

“ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ထပ်ပြီးတော့ စဉ်းစားဖို့တင်မဟုတ်ဘူး။ ရွှေ့ဖို့ကောင်းပြီ။ အဲဒီတော့ ပြဋ္ဌာန်းချက်တွေအရ ဥပဒေနဲ့အညီ ဥပဒေဘောင်ထဲကဘဲ ၂၀၂၀ ဒီဇင်ဘာလ နောက်ဆုံးအပတ်အထိ ရွှေ့ရင် ဖြစ်နိုင်တယ်။ ဒါကို ရွှေ့ပေးပါ။ ကျွန်တော်တို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါဟာ နိုင်ငံတော်ကို နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး။ အကျပ်အတည်းဖြစ်အောင်လုပ်စရာလည်း အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့က ရွေးကောက်ပွဲဝင်ဖို့ အားလုံးအဆင်သင့် ဖြစ်ပါတယ်။ သို့သော် ပြည်သူတွေရဲ့ ပြည်သူတွေရဲ့ အကျပ်အတည်းကိုသာ ပြည်သူ့အသံ ကိုယ့်အသံလို့ သတ်မှတ်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယအကြိမ်မှာလည်း ကျွန်တော်တို့ရဲ့ အသံတွေ နိုင်ငံရေးပါတီတွေရဲ့ အသံတွေ၊ ပြည်သူ့ရဲ့ ကိုယ်စားပြောတဲ့ အသံတွေက အရာမဝင်ပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ နိုင်ငံတော်ဘက်က ဘယ်လိုစဉ်းစားသလဲ မသိဘူး။ ဆက်သွားနေတယ်၊ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအကျပ်အတည်းတွေ ဘယ်လိုဟာမျိုးတွေပေါ်မှာ မူတည်ပြီ။ ဘယ်ဟာကိုစိုးရိမ်လည်း ကျွန်တော်တို့ မသိဘူး” ဟု ဦးခင်ရီက ပြောကြားသည်။

ဥပဒေဆိုသည်မှာ လူလုပ်သည့် ဥပဒေဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအတွက် အလုပ်လုပ်နေကြသည့် ဒီအကြီးအကဲများအနေဖြင့် ခေါင်းချင်းဆိုင်ပြီး ဖြေရှင်းပါက ဖြစ်နိုင်သည့် အဖြေရှိကြောင်း၊ အကျပ်အတည်း တစ်ခုပေါ်တွင် တစ်ခုခုက အမြတ်ထုတ်သွားမည်လားဆိုသည့်စိတ်မျိုး မထားစေချင်ကြောင်း ဦးခင်ရီက ပြောကြားသည်။

“ ရန်ကုန်မှာ လူဦးရေက ခြောက်သန်းကျော်ကျော် ခုနစ်သန်းလောက်ရှိတယ်၊ ပိုးတွေ့တဲ့သူတွေ သေဆုံးတွေက အများဆုံးဖြစ်နေတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း ပြည့်နေပြီ။ ကုသရေးစင်တာတွေလည်း ပြည့်နေပြီ။ သံသယဖြစ်တဲ့လူရောထားတဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ Trauma ရတဲ့ လူတွေကလည်း အများကြီးဖြစ်နေပြီ၊ အဲဒီတော့ Facility Quarantine Centre တွေ၊ Isolation Center တို့ အနံ့ပျောက်စင်တာတို့ ဒါတွေကပါ မနိုင်မနင်း ခဲရာခဲဆစ်လုပ်နေရတဲ့ သဘောလေးတွေသွားပြီးတော့ တွေ့တယ်။ နောက်တစ်ချက်က ရန်ကုန်ဟာ စီးပွားရေးစင်တာ Economic Hub နော်။ ရန်ကုန်ပြိုလဲရင် အခြားတိုင်းနဲ့ ပြည်နယ်တွေပါ စီးပွားရေးလူမှုရေးတွေ အများကြီးရိုက်ခတ်နိုင်ပါတယ်” ဟု ဦခင်ရီက ပြောကြားသည်။

ယင်းသို့ အခြေအနေမျိုးတွင် ရွေးကောက်ပွဲကို မရွှေ့ကြောင်း ယတိပြတ်ပြောထားသဖြင့် ရွေးကောက်ပွဲကျင်းပရန် ရက် ၄၀ ဝန်းကျင် အချိန်မျိုးတွင် နိုင်ငံရေးပါတီများ၊ ထောက်ခံသူများ၊ ပါတီဝင်များ အနေရခက်သည့် အနေအထားဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။

“ ပြည်သူတွေကို အားနာလို့ ထိန်းသိမ်းထားတယ်ဆိုပေမယ့်လို့ တချိုကိစ္စတွေမှာ ထိန်းသိမ်းဖို့ အတော်ခက်တယ်။ တစ်ဖက်က လှုပ်လှုပ်ရွရွဖြစ်ရင် တစ်ဖက်ကလည်း လှုပ်လှုပ်ရွရွဖြစ်လာပြီ။ ဒါက ထုံးတမ်းစဉ်လာပဲ ဆိုတော့ ဒီလူမှုကွန်ရက်တွေပေါ်မှာ လှုပ်ရှားနေတာ ဆယ်ဂဏန်း မဟုတ်ဘူး။ ရာဂဏန်း၊ ထောင်ဂဏန်းအထိ ဖြစ်လာတယ်။ ဒါတွေဟာ ချက်ချင်းပိုးတွေ ကူးစက်ပျံ့နှံ့သွားတယ်။ ပြည်သူတွေက ဒီပေါ်မှာ စိုးရိမ်ကြောင့်ကြပြီးတော ့မကြိုက်ကြမှာအမှန်ပဲ။ ဒါပေမဲ့ တားရဆီးရတာ တော်တော်လေးခက် ခက်ခဲခဲပေါ့လေ။ တစ်ဖက်က ကြည့်ရင်တော့လည်း ရွေးကောက်ပွဲက လုပ်တော့မယ်ဆိုတော့ ရွေးကောက်ပွဲကပြည်သူနဲ့ မထိတွေ့ရင် မရဘူးဆိုတော့ ဒီတိုင်းပဲသွားနေရမယ့် သဘောဖြစ်တယ်” ဟု ဦးခင်ရီက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကို သတ်မှတ်ချက် ဘောင်အတိုင်း ရွှေ့ပေးသင့်ကြောင်း၊ ပြည်သူများကို Stay at Home ပြုလုပ်ရန် တိတိကျကျ ညွှန်ကြားသင့်ပြီး ထိထိရောက်ရောက် စိစစ်ကြပ်မတ်ပေးရန် လိုအပ်ကာ စားရေးသောက်ရေး မပြတ်စေရန် ဖြည့်ဆည်းပေးရန်လိုကြောင်း၊ လက်ရှိတွင် နိုင်ငံသားအားလုံး သွေးစည်းကြပြီး အမျိုးသားတော်လှန်ရေး တစ်ရပ်ဆင်နွှဲသကဲ့သို့ COVID ကို တိုက်ကြရမည်ကြောင်း ဦးခင်ရီက ပြောကြားသည်။

Most Read

Most Recent