ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်မှုအပေါ် လက်ခံရန် အသင့်မဖြစ်သေး၍ ပါတီဥက္ကဋ္ဌ အနေဖြင့် ဆက်လက် ဦးဆောင်ပေးရန် ဦးခွန်ထွန်းဦးကို အောက်တိုဘာ ၁ ရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပန်ကြားစာပေးပို့ခဲ့ကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ဦးခွန်ထွန်ဦးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မှုနှင့်ပက်သက်၍ ပါတီ အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်က ကျင်းပပြီးနောက် အောက်တိုဘာ ၁ ရက်က စာပေးပို့ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
ရှမ်းဘာသာစကားဖြင့် SNLD ပါတီ Facebook တွင် ထုတ်ပြန်သည့် အဆိုပါစာတွင် ဦးခွန်ထွန်းဦးပါတီမှ နုတ်ထွက်မှုအပေါ် စိတ်မကောင်းကြောင်းနှင့် ယင်းသို့နုတ်ထွက်မှုအပေါ် ပါတီအလုပ်အမှုဆောင်အဖွဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက လက်ခံရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ထို့ကြောင့် ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် အသိအမှတ်ပြုလက်ခံထားဆဲဖြစ်ပြီး ဆက်လက် ဦးဆောင်ပေးရန်ဟူ၍ ရေးသားထားကြောင်း ဦးစိုင်းလိတ်က ပြန်လည်ရှင်းပြသည်။
ထိုသို့ပါတီမှ ပန်ကြားစာကို ရန်ကုန်နေအိမ်တွင်ရှိနေသည့် ဦးခွန်ထွန်ဦးထံ ရန်ကုန်ရှိ ပါတီရုံးချုပ်တာဝန်ရှိသူများက သွားရောက်ပေးပို့ခဲ့သော်လည်း ဦးခွန်ထွန်ဦး အနေဖြင့် ထူးခြားသည့် အကြောင်းပြန်ကြား မှု မရှိကြောင်း ၄င်းက ဆိုသည်။
“ဘယ်လောက်ထိတောင် လိုက်လုပ်ပေးရဦးမှာလဲပေါ့။ သူ နားချင်နေပါပြီ။ ထုံးစံအတိုင်း ညည်းပြတာလောက်ပဲရှိပါတယ်။ လက်ခံတယ်။ ငြင်းပယ်တယ်။ သီးခြားမတုံ့ပြန်ပါဘူး” ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ယခုကဲ့သို့ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ဦးဆောင်ရန် ပန်ကြားစာအပေါ် ဦးခွန်ထွန်းဦးက မည်သည့်အကြောင်းပြန်ကြားမှုများ မပြုလုပ်သေးသော်လည်း အခြေအနေကောင်းသည်ဟု ယူဆကြောင်း SNLD ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး(၁)ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
“အဲလိုပဲ (မည်သည့်အကြောင်းပြန်မှုမှ မရှိ၍ ဥက္ကဌအဖြစ် ဆက်ရှိနေမည့်သဘော)ယူဆလို့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း လက်ရှိအချိန်အထိ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးလို့ပဲ မှတ်ယူထားတယ် လေ။ ဒီလောက်ပါပဲ” ဟု ဦးစိုင်းကျော်ညွှန့်က ပြောကြားသည်။
SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ပါတီဥက္ကဋ္ဌ ရာထူးမှ အနားယူကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံသို့ ယခုနှစ် ဇွန်လကတည်းကစာတင်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ သဘောထားမေးမြန်းခဲ့ရာ၊ COVID-19 ကာလအတွင်း အစည်းအဝေးပြုလုပ်ရန် အဆင်မပြေသေးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလ နောက်ပိုင်းမှသာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင်ထံအကြောင်းပြန်ထားချိန်တွင် ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်းကို စက်တင်ဘာ ၂၇ ရက်က ပြည်တွင်းနေ့စဉ်ထုတ် သတင်း စာတစ်စောင်တွင် ထည့်သွင်း ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် သြဂုတ်အတွင်းကလည်း ပါတီဥက္ကဋ္ဌ တာဝန်မှအနားယူထားပြီး မျိုးဆက်သစ်များကို လမ်းဖွင့်ပေးထားရမည်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်းထွန်းဦးက မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သေးသည်။
ထို့နောက် SNLD ပါတီ၏ မြို့နယ်စုံအစည်းအဝေး(၂၀၁၉ ညီလာခံ)ကို ရှမ်းပြည်နယ် လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါညီလာခံတွင် ဦးခွန်ထွန်းဦးကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။
လက်ရှိတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ် SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ဗဟိုကော်မတီကို ပါတီဥက္ကဋ္ဌ ဦးခွန်းထွန်းဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၃၀ ဖြင့်ဖွဲ့စည်းထားသည်။
ဦးခွန်ထွန်းဦးသည် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ဒုတိယအများဆုံး အနိုင်ရပါတီဖြစ်သည့် SNLD ပါတီကို ၁၉၈၈ အောက်တိုဘာတွင် ဦးဆောင်တည်ထောင်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမဲဆန္ဒနယ်၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုဖြင့် ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်အချို့သည် ထောင်ဒဏ်နှစ် ၉၀ ကျော် ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်ခဲ့သည်။
SNLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၊ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စသည့် အဖွဲ့အစည်းတို့တွင်လည်း အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်မှုများ ရှိခဲ့သည်။
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဦးခွန်ထွန်းဦးသည် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ချို့ ချီးမြှင့်သည့် ဆုများလည်းရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
ဦးခွန်ထွန်းဦးသည် SNLD ပါတီဥက္ကဋ္ဌတာဝန်အပြင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ တွင်လည်း ဥက္ကဋ္ဌတာဝန်ပေးအပ်ခံထားရပြီး အဆိုပါအဖွဲ့အား အခြေခံ၍ ၂၀၁၉ ခုနှစ်အတွင်းက တည်ထောင်ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)တွင်လည်း ပါတီခေါင်းဆောင်အဖြစ် ပါဝင်လျက်ရှိသည်။