ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ၎င်းစွပ်စွဲပြစ်တင်ခံခဲ့ရမှုအပေါ် နိုင်ငံတော်သမ္မတမှတစ်ဆင့် ခုံရုံးသို့ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာမည်

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ၎င်းစွပ်စွဲပြစ်တင်ခံခဲ့ရမှုအပေါ် နိုင်ငံတော်သမ္မတမှတစ်ဆင့် ခုံရုံးသို့ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာမည်
Published 1 October 2020
ကျော်ဇင်ဝင်း ၊ မခိုင်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ၎င်းစွပ်စွဲပြစ်တင်ခံခဲ့ရမှုအပေါ် နိုင်ငံတော်သမ္မတမှတစ်ဆင့် ခုံရုံးသို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုင်ပေးရန် တင်သွင်းလွှာ တင်သွင်းထားမှုအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြားနာမှုကို အောက်တိုဘာ ၆ ရက်တွင် e-court စနစ်ဖြင့် ကြားနာဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ထုတ်ပြန်ထားမှုအရ သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအရ တင်သွင်းလွှာကို ဆောလျင်စွာ ကြားနာပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် ကြားနာမှုအား COVID-19 ကပ်ရောဂါကူးစက်ပြန့်နှံ့နေချိန်ဖြစ်သဖြင့် e-court ဖြင့် ကြားနာဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌသည်လည်း ကြားနာခြင်းကို တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်တွင် စတင်ဆောင်ရွက်မည့် ကြားနာမှုအပေါ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဘက်မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးက လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးမှာမူ ကြားနာမှုအတွက် ၄င်းကိုယ်တိုင် ပါဝင်မည် ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အား အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန်  နိုင်ငံတော်သမ္မတမှတစ်ဆင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်စွဲပါ စာနှင့်အတူ တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံးက ကြားနာမည့် အကြောင်းအရာမျာမှာ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်သဖြင့် ခုံရုံးသို့ တင်သွင်းလွှာတင်သွင်းခွင့်ရှိသူ ဟုတ် မဟုတ်ကို လည်းကောင်း၊ စွပ်စွဲပြစ်တင်သူ ၅ ဦးအနက်မှ တစ်ဦး နှုတ်ထွက်သွားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံ မပြည့်သဖြင့် စွပ်စွဲချက်အား ဆက်လက် စုံစမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ခ) ကို အနက်ဖွင့်ဆိုရန် လိုအပ်ခြင်းရှိ မရှိတို့ ဖြစ်သည်။

ထို့အတူ ဦးအယ်လ်ဖောင်းရှိုအပေါ် စွပ်စွဲပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရာတွင် စွပ်စွဲပြစ်တင်သည့် ကိုယ်စားလှယ် သုံးဦး ပါဝင်ထည့်သွင်းထားခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) ကို အနက်ဖွင့်ဆိုရန် လိုအပ်ခြင်းရှိ မရှိ အချက်ကိုလည်း ဦးအယ်လ်ဖောင်းရှိုဘက်မှ တင်သွင်းထားသဖြင့် ခုံရုံးက ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရန် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ငါးဦး (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံ) ၏ လက်မှတ်ရေးထိုးမှုဖြင့် တင်ပြလာမှုကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဩဂုတ် ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန် ခြောက်ရက်အကြာ ဩဂုတ် ၂၀ ရက်တွင် ဦးသိန်းအောင်သည် စွပ်စွဲပြစ်တင်ရန် တင်ပြမှုမှ ပြန်လည် နုတ်ထွက်ခဲ့သည်။

ယင်းသို့ နုတ်ထွက်ရခြင်းသည် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးမခံရမှုအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရန် ၎င်းအား ဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းဖြစ်ဟု နုတ်ထွက်စာတွင် ရေးသားခဲ့သဖြင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ၎င်းအား ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော်လည်း အဖြေတိကျစွာဖြေကြားခြင်း မရှိဟု ထိုစဉ်က လွှတ်တော်ဥက္ကဋ္ဌက မီဒီယာများအား ပြောကြားခဲ့သည်။

ကာယကံရှင် ဦးသိန်းအောင်ကလည်း စွပ်စွဲပြစ်တင်မှုမှ နုတ်ထွက်သည်မှာ မှန်ကန်ကြောင်းနှင့် နုတ်ထွက်စာတွင် ရေးသားခဲ့သည့် အကြောင်းအရာများမှ ဖြေရခက်ကြောင်းသာ သြဂုတ် ၂၈ ရက်က The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။

ထို့ပြင် စွပ်စွဲပြစ်တင်ရန် တင်ပြမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥပဒေတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၌ မည်သူပါဝင်ရမည် မပါရှိကြောင်း၊ ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပါတီအစုံ ပါဝင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းသာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ထိုစဉ်က မီဒီယာများကို ပြောကြားသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်တွင်း မဲပေးပိုင်ခွင့်ရှိသည့် အရေအတွက်မှာ NLD ပါတီမှ ကိုးမဲ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ တစ်မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ လေးမဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးမဲနှင့် တစ်သီးပုဂ္ဂလ (ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ) တစ်မဲ စုစုပေါင်း မဲအရေအတွက် ၂၀ မဲတွင် စွပ်စွဲပြစ်တင်မှုအား ထောက်ခံမဲ ၁၆ မဲ (ထောက်ခံမဲ သုံးပုံ နှစ်ပုံ) ၊  ကန့်ကွက်မဲ လေးမဲ ရရှိခဲ့သည်။

ထို့နောက် စွပ်စွဲပြစ်တင်မှုကို လွှတ်တော်က အတည်ပြုခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် နိုင်ငံတော်သမ္မတက ဦးအယ်လ်ဖောင်းရှိုအား ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခဲ့ခြင်း ဖြစ်သည်။

ဦးအယ်လ်ဖောင်းရှိုအား ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းဖြစ်စဉ်တွင် ပြည်နယ်လွှတ်တော်ဥက္ကဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ် မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဟု ရှုမြင်သုံးသပ်ကြောင်း NLD ပါတီက ထုတ်ပြန်ခဲ့သေးသည်။