ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ထုမေနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ထုမေနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 26 September 2020
ဉာဏ်လင်းထွန်း

 

 

“၂၀၂၀ အလွန်မှာ လိုအပ်မယ့် လူသားစွမ်းအားအရင်းအမြစ်ကို ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ်ဆိုရင် အခက်အခဲများစွာ ရှိနိုင်တယ်။ အဲဒါကို ရန်ကုန်က တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်”

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပူးပေါင်းတည်ထောင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ANP ပေါ်ပေါက်လာချိန်တွင် ANP ပါတီကိုယ်စားပြု၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူ ဒေါ်ထုမေသည် လွှတ်တော်အတွင်း မေးခွန်း ၉၃ ခု၊ အဆိုရှစ်ခုနှင့် အရေးကြီးအဆိုလေးခုကို တင်သွင်းမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ပြီး သတင်းမီဒီယာများတွင်လည်း မကြာခဏ တွေ့ရလေ့ရှိသော လူသိများသည့် မျက်နှာသစ်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ဒေါ်ထုမေ၏ မိခင်ပါတီဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ANP ပါတီမှ ပြန်လည်ခွဲထွက်တည်ထောင်ခဲ့သော်လည်း ၎င်းကိုမူ ANP ပါတီက နုတ်ထွက်ခွင့်မပြုသေးသဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်ထုမေနှင့် ဆက်သွယ်မေးမြန်းထားမှုများမှ အကြောင်းအရာအချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

မေး - ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ - ၂၀၂၀ မှာ ရန်ကုန်တိုင်းကို ဝင်ရောက်ယှဉ်ပြိုင်တာက အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောာက်ရေးမှာလိုအပ်တဲ့ လူသားစွမ်းအားအရင်းအမြစ်တွေကို ရန်ကုန်ကနေပြီးတော့ မွေးထုတ်ပေးလို့ရမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နယ်ဟာ လူသားစွမ်းအားအရင်းအမြစ် အရမ်းကိုလိုအပ်တဲ့ ပြည်နယ်ဖြစ်တယ်။ အဘက်ဘက်ကနေ လိုအပ်ချက်တွေရှိနေတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ငါးနှစ်တာမှာ အထူးသဖြင့် ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုဟာ တခြားတိုင်းနဲ့ ပြည်နယ်နဲ့စာရင် အတိုင်းအတာတစ်ခုအထိ မတိုးတက်နိုင်ဘူး။ မတိုးတက်ရတဲ့ အကြောင်းအရင်းကလည်း လူသားစွမ်းအားအရင်းအမြစ်ဖြစ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံသည် အနာဂတ်မှာ ဖက်ဒရယ်ကိုတည်ဆောက်မယ်လို့ အားကြိုးမာန်တက်ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြည်နယ်တွေအားကောင်းဖို့လိုပါမယ်။ ဒီပြည်နယ်တွေ အားကောင်းဖို့အရေးကို ကျွန်မတို့က ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ဘေးဒဏ်၊ တိုက်ပွဲတွေကြားက ပညာရေး၊ စီးပွားရေး ချွတ်ခြုံကျနေလို့ လာမယ့်၂၀၂၀ အလွန်မှာ လိုအပ်မယ့် လူသားစွမ်းအားအရင်းအမြစ်ကို ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ်ဆိုရင် အခက်အခဲများစွာရှိနိုင်တယ်။ အဲဒါကိုရန်ကုန်က တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။

မေး - တိုင်းရင်းသားရေးရာဝန်ကြီးက အခြေခံဥပဒေအရပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်သီးသန့်ရှိမနေဘူး။ နိုင်ငံရေးအရ ဆောင်ရွက်နိုင်တာတွေလည်း နည်းပါးတယ်ဆိုပြီး သုံးသပ်ကြတာရှိတယ်။ အဲဒီအပေါ်မှာအစ်မအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ - ဒီနေရာမှာ ကျွန်မအနေနဲ့ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်သလဲဆိုရင် နိုင်ငံရေးနေရာပေါ့။ တိုက်ရိုက် ပြည်သူကနေမဲနဲ့ပေးပြီးမှ ဝန်ကြီးဖြစ်တာ၊ ဒီနေရာတွေပဲရှိတယ်။ Assign လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး။ နောက်တစ်ခုက ဒီနေရာဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထဲမှာ လုပ်လို့ရသလိုပဲ။ တစ်ပြိ်ုင်နက်တည်းမှာ Political Position လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့ ရန်ကုန်မှာ ရခိုင်တွေကိုကိုယ်စားပြုရမယ်။ ပြည်သူကနေ တိုက်ရိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဆိုရင်လည်း မှန်တယ်။  ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရလို့ အစိုးရအဖွဲ့မှာ ဝင်ပြီးအလုပ်လုပ်ရမယ့် ဝန်ကြီးဆိုလည်းဟုတ်တယ်။ ဒါကြောင့်မို့ ဘာကြောင့်ဝင်ရောက်ယှဉ်ပြိုင်သလဲဆိုရင် နိုင်ငံရေးနေရာဖြစ်လို့ပါပဲ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်လာရင် ဖွဲ့စည်းပုံအရ အားလုံးက အကန့်အသတ်ရှိတာတွေကြီးပါပဲ။ ပြည်ထောင်စုမှာမှ ရှိတာမဟုတ်ပါဘူး။ သမ္မတမှာလည်းရှိနေပါတယ်။ ဒီလိုမျိုး အကန့်အသတ်ထဲမှာမှ သမ္မတ ဘယ်လောက်လုပ်နိုင်သလဲ။ တိုင်းရင်းသားရေးရာဝန်ကြီးတွေ သို့မဟုတ် ဝန်ကြီးချုပ်တွေ ဘယ်လောက်လုပ်နိုင်သလဲဆိုတာက ဘာနဲ့လဲသက်ဆိုင်လဲဆိုရင် ပုဂ္ဂိုလ်တစ်ဦးချင်း၊ ရွေးချယ်ထားတဲ့ပါတီရဲ့ မူဝါဒနဲ့လည်း သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ကြီးချုပ်များသည် တပြေးညီဖြစ်ပါတယ်။ ဒါပေမဲ့ ရှိတဲ့ ဝန်ကြီးချုပ်တွေကို ကြည့်လိုက်ပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဘယ်ဝန်ကြီးချုပ်က ပိုအလုပ်လုပ်နေသလဲ။ ဒီလိုပါပဲ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ရှမ်းပြည်နယ် အစရှိသဖြင့် တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာရှိကြတဲ့ ဝန်ကြီးချုပ်ထဲမှာမှ တစ်တန်းတည်းပဲ ပြဋ္ဌာန်းထားတာသာတူညီမျှပဲ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ထဲကနေ လူဦးရေနည်းတာ များတာပဲကွာမယ်။ အဲဒီအပေါ်မှာနေပြီးတော့ ဝန်ကြီးချုပ်ရဲ့ အရည်အသွေးနဲ့ပဲ သူ့တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးသွားတာ။ ဘာနဲ့ဆိုရင်လဲဆိုရင် လူတစ်ဦး တစ်ယောက်ချင်းနဲ့ဆိုင်သလို သူရဲ့ အရည်အချင်းနဲ့လည်း သက်ဆိုင်တယ်။

မေး - အစ်မအနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာမယ်ဆိုရင် ဒီအကန့်အသတ်တွေထဲကနေ ဘယ်လိုဖောက်ထွက်ဆောင်ရွက်သွားမလဲ။

ဖြေ - ကျွန်မအနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲက ဆောင်ရွက်ရမယ့်အရာတွေဆိုရင် ရတဲ့ဘတ်ဂျက်နဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးကိုဆောင်ရွက်မယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ဘတ်ဂျက်နည်းလွန်းတဲ့အတွက်ကြောင့် ပြည်သူများရဲ့အတွေးအခေါ်တွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ရန်ကုန်ကိုရောက်နေကြတဲ့ လူငယ်များရဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်ပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်မှာလူငယ်တွေဟာ ပညာရေးနဲ့ပတ်သက်လို့ ဘတ်ဂျက်တွေနည်းတယ်။ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူး။ အဲဒီအခါမှာ ရန်ကုန်ကို ရောက်လာကြပါတယ်။ ကျွန်မပင်လျှင် အသက် ၁၅ နှစ် ၁၀ တန်းလောက်မှာ ရန်ကုန်မှာ ပညာသင်ကြားခဲ့ရပါတယ်။ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ကြားဖို့ ကျွန်မတို့ အများကြီးကြိုးစားရပါမယ်။ အဲဒီလို ဦးဆောင်မှုကဏ္ဍတွေမှာ လူငယ်တွေ ပါဝင်လာပြီဆိုရင် ရခိုင်ပြည်နယ် အနာဂတ်ဖက်ဒရယ်မှာ ဦးဆောင်ကြမဲ့ အနာဂတ်ခေါင်းဆောင်တွေကို ဘယ်ဘာသာရပ်မှာ ဘယ် Professional တွေ ရခိုင်ပြည်နယ်အတွက် လိုအပ်မလဲ။ ဒါတွေကို ရခိုင်ပြည်သူလူထူနဲ့ ရန်ကုန်ရောက်ပြည်သူများနဲ့ ညှိနှိုင်းပြီး ဒီအခန်းကဏ္ဍကို ဖော်ထုတ်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ ဒါကို တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ဆောင်ရွက်သလို ရန်ကုန်ရောက် ရခိုင်လူမျိုးတွေရဲ့ အခွန်နဲ့အားနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းခွင်ပြဿနာတွေ ပြောပြီဆိုရင် အသက်မွေးဝမ်းကျောင်း လုုံခြုံရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဘာကြောင့်ဆောင်ရွက်ရလဲဆိုရင် ရခိုင်ကနေ ရန်ကုန်ကိုရောက်နေကြတဲ့ အထူးသဖြင့် စက်မှုဇုန်မှာရောက်နေကြတဲ့ အမျိုးသမီးငယ်များရဲ့ လုပ်ငန်းခွင်ပြဿနာကို ကျွန်မအနေနဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ဖြေရှင်းမှာဖြစ်ပါတယ်။ သူတို့ဆီက အသံတွေ အများကြီးကြားရပါတယ်။ ရခိုင်မို့လို ခွဲခြားဆက်ဆံတယ်။ အလုပ်ခွင်မှာလည်းရှိတယ်။ ဥပဒေအရ အကာအကွယ်ပေးဖို့ အများကြီးလိုအပ်နေတယ်။ ဒါတွေကြောင့် ရန်ကုန်က ရခိုင်အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ လုပ်ငန်းခွင်လုံခြုံရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာ၊ အားကစားထိန်းသိမ်းမှုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မအနေနဲ့ ရန်ကုန်ကိုရောက်နေကြတဲ့ ရခိုင်အမျိုးသားများ၊ ရခိုင်မျိုးနွယ်စုများအတူတူ သူတို့လိုလားချက်၊ တိုင်းရင်းသားအခွင့်အရေးတွေကို အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး - ရန်ကုန်မှာရှိတဲ့ ရခိုင်တိုုင်းရင်းသား မဲဆန္ဒရှင်တွေက ဒေါ်ထုမေကို ဘာကြောင့် မဲပေးသင့်တာလဲခင်ဗျ။

ဖြေ - ကျွန်မကို ဘာကြောင့် မဲပေးသင့်လဲဆိုရင် ကျွန်မရဲ့ နိုင်ငံရေးဖြတ်သန်းမှုမှာ ကျွန်မက Professional နိုင်ငံရေးသမားဖြစ်ပါတယ်။ နောက်တစ်ချက်က ရန်ကုန်တိုင်းမှာ ဆောင်ရွက်ကြမဲ့ ဘယ်ပွဲမှာမဆို ဘတ်ဂျက်ပွင့်လင်း မြင်သာမှုရရှိမှာဖြစ်ပါတယ်။ ကျွန်မသည် နိုင်ငံရေးအရပဲဖြစ်ဖြစ် စနစ်အရပဲဖြစ်ဖြစ် ပြည်သူအရှေ့က မားမားမတ်မတ်ရပ်တည်ပြီးတော့ ဆောင်ရွက်မယ့် ဝန်ကြီးလောင်းဖြစ်လို့ပါပဲ။ ရန်ကုန်ရောက် ရခိုင်လူမျိုးသာမက ရခိုင်မှာနေထိုင်တဲ့ လူမျိုးများအရေးနဲ့ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးမှာ လိုအပ်လာမယ့် လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်ပေးမှာဖြစ်သလို ရန်ကုန်နေတိုင်းရင်းသားများရဲ့ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးထဲမှာမှ ရန်ကုန်ကနေ မားမားမတ်မတ် ရပ်တည်မှာဖြစ်ပါတယ်။ အရေးကြီးတဲ့နောက်တစ်ချက် ရန်ကုန်တိုင်းဟာ စီးပွားရေးအရ၊ လူမှုရေးအရ၊ ပညာရေးအရ အရေးကြီးသလို နိုင်ငံတကာသံတမန်အရ အရေးကြီးတဲ့မြို့တော်ဖြစ်ပါတယ်။ ဒီမြို့တော်ကနေပြီးတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ ကျွန်မသာ ဝန်ကြီးဖြစ်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ရန်ကုန်တိုင်းမှာ ရှိနေကြတဲ့ နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနဲ့ လူငယ်တွေနဲ့ ပူးပေါင်းပြီး သံတမန်အရ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အရေးတိုးမြင့်လာအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာကသိအောင် အတိုင်းအတာတစ်ခုအထိ ကြိုးစားသွားမှာဖြစ်ပါတယ်။ တခြားသော လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ပါတီကနေ တာဝန်ပေးလို့ နိုင်ငံရေးထဲရောက်လာကြတယ်။ လူမှုရေးအဖွဲ့အစည်းကနေ နိုင်ငံရေးဘက်ကိုကူးလာတဲ့ ပြိုင်ဘက်တွေရှိတယ်။ သူတို့နဲ့ယှဉ်လိုက်မယ်ဆိုရင် ကျွန်မအနေနဲ့က နိုင်ငံရေးလောကထဲမှာ ၁၀ နှစ်ကျော် တစ်စိုက်မတ်မတ်ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာမှာ အမျိုးသားလွှတ်တော်မှာ အဆိုအများဆုံးတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှတ်တမ်းတင်ခဲ့တယ်။ လူငယ်အမျိုးသမီးဖြစ်တယ်။ ဒီအကြောင်းအရာတွေကြောင့်ပဲ ကျွန်မကို မဲပေးရမှာဖြစ်သလိုပဲ ရန်ကုန်ရောက် ရခိုင်ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်သွားမယ့် ဝန်ကြီးမို့လို့လည်း ကျွန်မကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကတိကဝတ်အနေနဲ့ လုံးဝပြောနိုင်တာက အဂတိတရား လုံးဝမရှိဘဲနဲ့ ရရှိလာတဲ့ဘတ်ဂျက်ကို ပြည်သူအကျိုးရှိအောင် ဆောင်ရွက်သွားမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသမီးဝန်ကြီးလောင်းဖြစ်တာကြောင့်ပဲ ရခိုင်ပြည်သူလူထုက မဖြစ်မနေမဲပေးသင့်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့အခက်အခဲတွေကို အမြဲတမ်းနားထောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ပါပဲ။

Most Read

Most Recent