COVID-19 ဒုတိယလှိုင်းအနေအထား

COVID-19 ဒုတိယလှိုင်းအနေအထား
Published 25 September 2020

စက်တင်ဘာ ၂၄ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာ စံချိန်တင်အဖြစ် ၁၀၅၂ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု၏ ၁၇ ရာခိုင်နှုန်းခန့် ပိုးတွေ့ရှိနေကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပိုးတွေ့လူနာစာရင်းကို တစ်ရက်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ထုတ်ပြန်လျက်ရှိပြီး စက်တင်ဘာ ၂၄ ရက် နံနက်ထုတ်ပြန်မှုတွင်  ရောဂါပိုးတွေ့လူနာ ၅၃၅ ဦး တွေ့ရှိကြောင်း၊ စက်တင်ဘာ ၂၄ ရက် ည ၈ နာရီ ဒုတိယအကြိမ် ထုတ်ပြန်မှုတွင် ၅၁၇ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် စက်တင်ဘာ ၂၄ ရက် တစ်ရက်တည်းတွင် ပိုးတွေ့လူနာ ၁၀၅၂ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဓာတ်ခွဲစစ်ဆေးမှု ၆၁၉၆ အား စစ်ဆေးခဲ့ရာတွင် ရောဂါပိုးတွေ့ရှိသူ ၁၀၅၂ ဦး တွေ့ရှိခဲ့ရာ ရောဂါစစ်ဆေးမှုဓာတ်ခွဲနမူနာများ၏ ၁၇ ရာခိုင်နှုန်းခန့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကိုရိုနာဗိုင်းရပ်စ်သည် ထိန်းချုပ်မရဖြစ်ခဲ့ပြီး သန်းပေါင်း ၃၀ ကျော် ရောဂါကူးစက်ခံရကာ သေဆုံးသူစုစုပေါင်းသည်လည်း တစ်သန်းနီးပါးသို့ ချဉ်းကပ်လာကြောင်း ပြောကြားခဲ့ပြီး တစ်ကမ္ဘာလုံးအနေဖြင့် ကြိုတင်ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှုနှင့် သွေးစည်းညီညွတ်မှုများ ချို့တဲ့ခြင်းအပေါ် အပြစ်တင်ခဲ့သည်။ “ကပ်ရောဂါဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် ထင်ထင်ရှားရှား စမ်းသပ်ချက်တစ်ရပ်ပါ။ အဲ့ဒီစမ်းသပ်ချက်မှာ ကျွန်တော်တို့ မလွှဲမရှောင်သာ ကျရှုံးခဲ့ရပါတယ်” ဟု ၎င်းက အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂကလည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမှာ မတ်လက ကူးစက်မှု အမြင့်ဆုံးနှုန်းထက် ပိုမိုများပြားလာသောကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် ပတ်သက်၍ စက်တင်ဘာ ၂၄ ရက်၌ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆၃၄ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဒုတိယ ကူးစက်မှုလှိုင်း၏ သက်ရောက်မှုများ ဖြစ်ရုံသာမက ပထမကူးစက်မှုလှိုင်းထက် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ တိုးမြှင့်စစ်ဆေးမှုများကြောင့်ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ ဗြိတိန်တွင် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်ချက် မထုတ်ပြန်မီ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ ဗြိတိန်တွင် ဗိုင်းရပ်စ်ကြောင့်  နေ့အလိုက် သေဆုံးသူတစ်ထောင်ကျော်ရှိပြီး ဥရောပတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးဖြစ်သည်။

၎င်းအပြင် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါ စတင်ကူးစက်ပျံ့နှံ့ချိန်မှစ၍ တင်းကျပ်သော စည်းမျဉ်းများ ထုတ်ပြန်ခဲ့ရာ ယခုအချိန်တွင် ကူးစက်သူပေါင်း သန်း ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၅၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ကူးစက်သူနှင့် သေဆုံးသူ အရေအတွက် မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးထိခိုက်မှုများ ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးမှာလည်း အဆိုးဆုံးအခြေအနေအထိ ထိုးဆင်းခဲ့သည်။  ဥရောပသမဂ္ဂနိုင်ငံအချို့မှာ  မတ်လ၏ ကူးစက်မှုအမြင့်ဆုံးအခြေအနေထက် ပိုမိုဆိုးရွားနေသည်ဟု ဥရောပသမဂ္ဂ ကျန်းမာရေးဆိုင်ရာ မဟာမင်းကြီး စတယ်လာကီရီယာကီဒက်စ်က ပြောကြားခဲ့သည်။ သေဆုံးနှုန်းမှာ ယခုနှစ်အစောပိုင်းထက် မမြင့်မားသော်လည်း ကူးစက်မှုနှုန်းမှာမူ တစ်ဖန်ပြန်လည်မြင့်တက်နေသောကြောင့် စပိန်အပါအဝင် ဥရောပသမဂ္ဂ၏ အရှေ့ဘက်ပိုင်း ခုနှစ်နိုင်ငံသည် စိုးရိမ်မှုအမြင့်ဆုံးအခြေအနေကို ရောက်ရှိနေသည်။ ပြင်သစ်သည် ၎င်းနိုင်ငံများစာရင်းတွင် မပါဝင်သော်လည်း စည်းမျဉ်းများတင်းကျပ်ထားသောကြောင့် နိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ဒေသဆိုင်ရာအရာရှိများက တင်းကျပ်သည့် ပိတ်ဆို့မှုများအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည်လည်း COVID-19 ဒုတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံရနိုင်သည့် အနေအထားသို့ ဦးတည်နေပြီဖြစ်သောကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆိုသကဲ့သို့ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှုနှင့် သွေးစည်းညီညွတ်မှုများဖြင့် ၀ိုင်းဝန်းခုခံတွန်းလှန်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက နှိုးဆော်အပ်ပါသည်။

■ စက်တင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent