ခရစ္စတန်ဆန် အနီကတ်အပြခံရခြင်းကို လက်ခုပ်တီးထောက်ခံခဲ့သည့် နည်းပြအဖွဲ့ဝင်တစ်ဦးအား ယာဂန်ကလော့ပ် ဆူပူကြိမ်းမောင်းခဲ့

ခရစ္စတန်ဆန် အနီကတ်အပြခံရခြင်းကို လက်ခုပ်တီးထောက်ခံခဲ့သည့် နည်းပြအဖွဲ့ဝင်တစ်ဦးအား ယာဂန်ကလော့ပ် ဆူပူကြိမ်းမောင်းခဲ့
Photo: AFP
Photo: AFP
Published 22 September 2020

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်သည် ချယ်လ်ဆီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်လ်ဆီးအသင်း၏နောက်ခံလူ ခရစ္စတန်ဆန် အနီကတ်အပြခံခဲ့ရခြင်းကို လက်ခုပ်တီးပြီး ထောက်ခံကြောင်းပြသခဲ့သည့် နည်းပြအဖွဲ့ဝင်တစ်ဦးအား ဆူပူကြိမ်းမောင်းခဲ့ပြီး ယင်းအပြုအမူသည် အားကစားစိတ်ဓာတ်မရှိသည့် အပြုအမူအဖြစ် ယူဆခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က ခရစ္စတန်ဆန်အား အဝါကတ်သာ ပြသ သတိပေးခဲ့သော်လည်း VAR က ကြားဖြတ်ဝင်ရောက်ကာ ပြန်လည်စစ်ဆေးရန် အချက်ပြခဲ့ပြီးနောက် ကွင်းလယ်ဒိုင်သည် ပြန်လည်ကြည့်ရှုခဲ့ပြီး အနီကတ်အဖြစ် ပြောင်းလဲပြသခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို ထောက်ခံသည့်အနေဖြင့် နည်းပြအဖွဲ့ဝင်တစ်ဦးက လက်ခုပ်တီးအားပေးခဲ့ရာ ကလော့ပ်က နည်းပြခုံတန်း ဘက်သို့လှည့်ကာ ၎င်းကို အော်ဟစ်ဆူပူခဲ့ခြင်းလည်းဖြစ်သည်။

ကလော့ပ်က "မင်း ရူးနေလား။ ငါတို့ ဘယ်တော့မှ အဲ့လို မလုပ်ဘူး။ ဟုတ်ပြီလား" ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး  ယင်းဖြစ်ရပ်ကို ပွဲအပြီးတွင် မီဒီယာများက ပြန်လည်မေးမြန်းခဲ့သည်။

ကလော့ပ်က "ကျွန်တော့်ရဲ့ အဓိကအဖွဲ့ဝင်တွေထဲ ကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦးပါပဲ။ ကျွန်တော်က ဒီလိုကိစ္စတွေမှာ ကျွန်တော်တို့ရဲ့အမြင်၊ ရပ်တည်မှုနဲ့ပတ်သက်ပြီး ပြောပြခဲ့တာဖြစ်ပြီး သူကလည်း ဒါကို ကောင်းကောင်းနားလည်ပါတယ်။ အခုလည်း ကျွန်တော် ဒေါသမထွက်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဒီလိုမြင်ကွင်းမျိုးက ကျွန်တော်မြင်ချင်တဲ့ မြင်ကွင်းမဟုတ်ပါဘူး" ဟုဆိုခဲ့သည်။

(၁၁)ယောက် ချင်းဆိုပါက နိုင်ပွဲရနိုင်ပါ့မလားဆိုသည့် မေးခွန်းကိုလည်း ကလော့ပ်က "ဘယ်သူသိနိုင်မလဲ။ ကျွန်တော်တို့ နိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ ကြိုမသိနိုင်ပါဘူး" ဟုဆိုခဲ့သည်။ 

Most Read

Most Recent