ONE Championship ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်ကာလကို ယခုတစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ONE CEO ချက်ထရီ၏ပြောကြားမှုကို South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။
''ဒီအပတ်ထဲမှာ ONE ရဲ့ပွဲကြီးပွဲကောင်းတွေကို ကြေညာသွားဖို့ရှိပါတယ်။ အောက်တိုဘာလထဲမှာ ကျင်းပဖို့ရှိတဲ့ပွဲစဉ်တွေကို ကြေညာသွားမှာဖြစ်ပါတယ်။ အောက်တိုုဘာလထဲမှာ ကျင်းပမယ့်ပွဲစဉ်တွေမှာ အောင်လအန်ဆန်က သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ကာကွယ်ပါလိမ့်မယ်။ မစ်ဒယ်ဝိတ်တန်းရဲ့ မူရင်းစိန်ခေါ်သူဖြစ်တဲ့ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနဲ့ ဖြစ်ပါတယ်''ဟု ONE CEO ချက်ထရီက ပြောကြားခဲ့ခြင်းဖြစ်သည်။

ချက်ထရီအနေဖြင့် ယင်းပွဲစဉ်ကို ယခုတစ်ပတ်အတွင်းကြေညာရန် စီစဉ်ထားသော်လည်း Twitter မှတစ်ဆင့် ပြီးခဲ့သည့်တစ်ပတ်ကတည်းက ကြိုတင်ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံသား ဒီရစ်ဒါသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့ပြီးနောက် မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
သို့သော် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဒီရစ်ဒါ၏နေရာတွင် ချန်ပီယံဟာင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်က အစားဝင်ရောက်၍ ဧပြီလအတွင်း ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း COVID-19ကြောင့် ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ရုရှားနိုင်ငံသား ဗစ်တာလီသည် ချန်ပီယံစိန်ခေါ်ပွဲအတွက် လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာပြဿနာပေါ်ပေါက်ခဲ့သောကြောင့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့်ပြန်လည်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒီရစ်ဒါသည် အောင်လအန်ဆန်ကို ချုပ်ကွက်ဖြင့်အနိုင်ယူကာ ချန်ပီယံဆုရယူသွားမည်ဟု ကြုံးဝါးထားသူဖြစ်သည်။
၎င်းသည် MMA ပွဲစဉ် စုစုပေါင်း ၁၂ ပွဲယှဉ်ပြိုင်ထားရာ ရှုံးပွဲမရှိသေးဘဲ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် စိန်ခေါ်ခွင့်ရထားခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း လက်ရှိချန်ပီယံဖြစ်သည်။















