အကြောက်တရားဓလေ့

အကြောက်တရားဓလေ့
Published 14 September 2020

နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များ သို့မဟုတ် လုပ်ငန်းခွင် ရည်မှန်းချက်များ ရရှိရန်အတွက် အထွေထွေ လူထုအတွင်းသို့ စိတ်ခံစားမှုဆိုင်ရာ ဘက်လိုက်မှုများမှတစ်ဆင့် အကြောက်တရားများ ရိုက်သွင်းသည့် သဘောတရားကို အကြောက်တရားဓလေ့ (Culture of Fear) ဟု ခေါ်သည်။ ယင်းသဘောတရားကို လူမှုဗေဒဆိုင်ရာမူဘောင်တစ်ရပ်အဖြစ် ဖရန့်ဖူရေဒီက ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် လူမှုဗေဒပညာရှင် ဘယ်ရီဂလက်စနာကြောင့် မကြာသေးမီကမှ အကြီးအကျယ် ထင်ရှားလာခြင်း ဖြစ်သည်။

နာဇီခေါင်းဆောင် ဟာမန်းဂိုရင်းက စစ်ကို ဆန့်ကျင်နေသူများအား စစ်ကို ထောက်ခံလာအောင် အကြောက်တရား ရိုက်သွင်းနိုင်ပုံကို ရှင်းပြခဲ့ဖူးသည်။ သူက “လူတွေက စစ်ကို မလိုလားဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေကို နာခံလာအောင် သူတို့ကို ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ ဒါက လွယ်ပါတယ်။ ခင်ဗျားတို့ လုပ်ရမှာက သူတို့ တိုက်ခိုက်ခံရလိမ့်မယ်၊ မျိုးချစ်စိတ် မရှိတဲ့အတွက် နိုင်ငံကို အန္တရာယ်တွေ့စေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူတွေကို ရှုတ်ချလိုက်ပါလို့ ပြောရုံပါပဲ။ ဘယ်နိုင်ငံမှာမဆို ဒါက အလုပ်ဖြစ်ပါတယ်” ဟု ပြောခဲ့ဖူးသည်။

State and Opposition in Military စာအုပ်တွင် မာရီယာဟယ်လင်နာမို ရေရာ အဲဗက်စ်က ၁၉၆၄ ခုနှစ်မှစ၍ နိုင်ငံရေးအရ ဖိနှိပ်မှုတစ်စိတ်တစ်ဒေသအဖြစ် အကြောက် တရားဓလေ့ကို အကောင်အထည်ဖော်ခဲ့ပုံအား ဖော်ပြခဲ့သည်။ ဘရာဇီးအမျိုးသား လုံခြုံ ရေးတပ်များက နိုင်ငံရေး၌ ပါဝင်သူများအနေဖြင့် ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းခံရမည့် အန္တရာယ်ရှိကြောင်း ပြသရန် အားထုတ်ခဲ့မှုအား Culture of Fear ဟု ဖော်ပြခဲ့သည်။ အတိုက်အခံများကို ဟန့်တားရန်အတွက် အကြောက်တရားဓလေ့ကို အားကောင်းအောင် ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးအား ထိန်းချုပ်နိုင်ခွင့်ကို ကြီးထွားစေသည်။ အဲဗက်စ်က ဘရာဇီးတွင် အကြောက်တရားဓလေ့ကို ထူထောင်ရန်အတွက် စီးပွားရေးအရ နှိပ်ကွပ်ခြင်း၊ ရုပ်ပိုင်း ဆိုင်ရာအရ ဖိနှိပ်ခြင်း၊ နိုင်ငံရေးအရ ထိန်းချုပ်ခြင်းနှင့် တင်းကျပ်သော ဆင်ဆာဖြတ်မှု ပြုလုပ်ခြင်းတို့ စတင်ပြုလုပ်သည့်အချိန်၌ ၁၉၆၉ ခုနှစ်၏ အမျိုးသားလုံခြုံရေးဥပဒေ ပြောင်းလဲသွားပုံများကို ရှာဖွေတွေ့ရှိခဲ့သည်။ အကြောက်တရားဓလေ့တွင် ပါဝင်သည့် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာ သုံးရပ်မှာ ဆင်ဆာမှတစ်ဆင့် တိတ်ဆိတ်သွားအောင် ပြုလုပ်ခြင်း၊ အထီးကျန်မှုကို ခံစားရရှိအောင် ပြုလုပ်ခြင်းနှင့် အတိုက်အခံများအားလုံး ဖမ်းဆီးထိန်းသိမ်းခံရမည်ဟူသည့် ယုံကြည်မှုကို လူထုအတွင်းသို့ ရိုက်သွင်းခြင်းတို့ဖြစ် သည်။ လုံးဝ မျှော်လင့်ချက်မဲ့နေသော ခံစားမှုမျိုး ရရှိအောင် ပြုလုပ်ပြီး အတိုက်အခံ လုပ်ဆောင်ချက်များမှနေ၍ ဆုတ်ခွာသွားစေသည်။

Spiked မဂ္ဂဇင်း ပင်တိုင်စာရေးဆရာနှင့် လူမှုဗေဒ ပါမောက္ခဟောင်း ဖရန့်ဖူရေဒီက ယနေ့ခေတ် အကြောက်တရားဓလေ့သည် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ ပြိုကျခြင်းနှင့် စတင်ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သူက လူထုသည် ၉/၁၁ တိုက် ခိုက်ခံရမှုမတိုင်မီကတည်းက ဗီဇပြုပြင်ထားသော အသီးအနှံများမှသည် မိုဘိုင်းဖုန်းများ အထိ၊ ကမ္ဘာကြီး ပူနွေးမှုမှသည် ခွာနာလျှာနာရောဂါအထိ အရာရာတိုင်းကို ကြောက်လန့်နေကြကြောင်း ပြောကြားခဲ့သည်။ ဖူရေဒီက “ကျွန်တော်တို့အနေနဲ့ အနာဂတ်အတွက် ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အကြောက်တရားတွေအစား ရနိုင်သမျှ အထောက်အထား အားလုံးကို ကျိုးကြောင်းဆီလျော်စွာ အကဲဖြတ်ခြင်းအပေါ် အခြေခံတဲ့ ၉/၁၁ ခေတ်လွန် ကမ္ဘာနဲ့ ပတ်သက်ပြီး ရင့်ကျက်တဲ့ ဆွေးနွေးမှုတစ်ရပ် လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူထုသည် အာဏာရှင်အဆက်ဆက်က ရိုက်သွင်းခဲ့သော အကြောက်တရားများဖြင့် ကာလကြာရှည်စွာ နေထိုင်ခဲ့ရသောကြောင့် ယနေ့တိုင် အကြောက်မပြယ်နိုင်သေးပေ။ ဒီမိုကရေစီ လိုလားပါသည်ဟု ဆိုသူများပင်လျှင် မိမိတို့ ကိုယ်တိုင် အကြောက်မပြယ်နိုင်သေးသကဲ့သို့ လူထုကိုလည်း အကြောက်တရားများဖြင့် ခြိမ်းခြောက်နေဆဲဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ အမှန်တကယ် ကူးပြောင်း လိုသည် ဆိုပါလျှင် အကြောက်တရားဓလေ့အစား ကျိုးကြောင်းဆီလျော်စွာ အကဲဖြတ်တတ်သည့် ဓလေ့ကိုသာ လူထုအတွင်း ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ စက်တင်ဘာ  ၁၅  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent