လာလီဂါပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကစားသမား (၅၆)ဦးအထိရှိခဲ့ပြီး ကစားသမားစုစုပေါင်း၏ (၁၂.၅%) အထိ ကူးစက်ခံခဲ့ရခြင်းဖြစ်

လာလီဂါပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကစားသမား (၅၆)ဦးအထိရှိခဲ့ပြီး ကစားသမားစုစုပေါင်း၏ (၁၂.၅%) အထိ ကူးစက်ခံခဲ့ရခြင်းဖြစ်
Photos : as, otbsports, supersport, xinhuanet
Photos : as, otbsports, supersport, xinhuanet
Published 14 September 2020

ပြန်လည်စတင်နေပြီဖြစ်သည့် ၂၀၂၀-၂၁ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ၊ ခံနေရသည့် ကစားသမား (၅၆)ဦးအထိရှိခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမားစုစုပေါင်း၏ (၁၂.၅%)အထိ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လအတွင်း လာလီဂါကလပ်အသင်းများ၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများတွင် Positive အဖြေထွက်ခဲ့သည့် ကစားသမားများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အသင်း (၁၈)သင်းအထိ ပိုးကူးစက်ခံရသူ ကစားသမားများရှိနေခြင်းဖြစ်သည်။

စက်တင်ဘာလ (၁၂)ရက်နေ့အထိစာရင်းများအရ ၂၀၂၀ -၂၁ ရာသီ လာလီဂါပြိုင်ပွဲဝင်အသင်း (၂၀)တွင် ပိုးကူးစက်ခံထားရသည့် ကစားသမားစာရင်းမတင်ခဲ့သည့် အယ်လ်ချီနှင့် အိုဆာဆူနာတို့မှလွဲ၍ ကျန်အသင်းများမှာ တစ်သင်းလျှင် အနည်းဆုံး (၁)ဦး ပိုးကူးစက်ခံရသူရှိနေခြင်းဖြစ်သည်။

အိုဆာဆူနာအသင်းအနေဖြင့် ကစားသမားများ ရောဂါ ပိုးကူးစက်ခံရခြင်းမရှိသော်လည်း အသင်းမန်နေဂျာ အာရာဆာတီမှာမူ ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း သိရသည်။

လက်ရှိ လာလီဂါပြိုင်ပွဲအသင်း (၂၀)တွင် (၁၉)သင်းမှာ တစ်သင်းလျှင် ပျမ်းမျှကစားသမား (၂၃)ဦးရှိနေပြီး အယ်လ်ချီအသင်းမှာမူ စီနီယာကစားသမား (၁၂)ဦးသာစာရင်းရှိသည်။

ထို့ ကြောင့် ကလပ်အသင်း (၂၀)တွင် ကစားသမား စုစုပေါင်း (၄၄၉) ဦးရှိရာ၌ (၅၈) ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းဖြစ်ရာ ရာခိုင်နှုန်းအားဖြင့်  (၁၂.၅ %) အထိရှိနေကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲတွင် ကစားသမားများရောဂါပိုးကူးစက်ခံနေရသလို၊ ပြီးခဲ့သည့်ရက်ပိုင်းကလည်း အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီမှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Positive ဖြစ်ခဲ့သည်။

ထို့ကြောင့် ဆီမြွန်နီအနေဖြင့် အိုဆာဆူနာ မန်နေဂျာ အာရာဆာတီ၊ ကာဒစ်ဇ်အသင်းနည်းပြ ဆာဗီရာတို့နောက် ယခုရာသီလာလီဂါပြိုင်ပွဲ၏ တတိယမြောက် ရောဂါပိုးကူးစက်ခံရသည့်နည်းပြလည်းဖြစ်ခဲ့သည်။

ဆီမြွန်နီသည် အသင်းနှင့်အတူ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီး စက်တင်ဘာ (၄)ရက်နေ့က ရာသီကြိုပြင်ဆင်မှုများကို စတင်ခဲ့သည်။

ဆီမြွန်နီအနေဖြင့် စက်တင်ဘာလ (၁၁)ရက်နေ့ ရာသီကြိုရောဂါပိုးစစ်ဆေးမှုတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေအိမ်၌ တစ်ဦးတည်းသီးခြားကုသမှုများ ပြုလုပ်လျက်ရှိကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent