အိုက်စလန်ဟိုတယ်ဖြစ်ရပ်မတိုင်မီ တိုက်ခန်းတစ်ခု၌ စိတ်မြူးကြွစေသည့်အငွေ့ရှူသောဗီဒီယို ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး ဂရင်းဝုဒ် ပြန်လည်တောင်းပန်

အိုက်စလန်ဟိုတယ်ဖြစ်ရပ်မတိုင်မီ တိုက်ခန်းတစ်ခု၌ စိတ်မြူးကြွစေသည့်အငွေ့ရှူသောဗီဒီယို ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး ဂရင်းဝုဒ် ပြန်လည်တောင်းပန်
Published 14 September 2020

တိုက်ခန်းတစ်ခုအတွင်း၌ စိတ်မြူးကြွစေသည့်အငွေ့(Hippy Crack) ရှူနေမှုကို ဗြိတိန်သတင်းစာ The Sun က ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများနှင့်တကွ ဖော်ပြခဲ့ပြီးနောက် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်က ပြန်လည်တောင်းပန်ခဲ့သည်။

ထို့ပြင် ဂရင်းဝုဒ်က ယင်းဖြစ်ရပ်မှာ သူ့အနေဖြင့် ဆင်ခြေတုံတရားနည်းပါးသည့်လုပ်ရပ်သာဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဂရင်းဝုဒ်သည် ယခုစက်တင်ဘာလအစောပိုင်းက ဒိန်းမတ်နှင့် အင်္ဂလန်တို့ကစားခဲ့သော UEFA Nations League ပွဲမတိုင်မီ အသင်း၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် မန်စီးတီးကွင်းလယ်လူ ဖိုဒန်နှင့်အတူ အင်္ဂလန်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသူဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ်ရွေးချယ်ခံခဲ့ရသော ဂရင်းဝုဒ်နှင့် ဖိုဒန်တို့သည် အိုက်စလန် (၀-၁) အင်္ဂလန်ပွဲ အပြီး အိုက်စလန်အမျိုးသမီးငယ် (၂)ဦးကို ၎င်းတို့တည်းခိုရာဟိုတယ်အခန်းထဲသို့ လျှို့ဝှက်ခေါ်ဆောင်ခဲ့သဖြင့် အင်္ဂ လန်အသင်းနည်းပြ ဆောက်ဂိတ်က ၎င်းတို့အား ဒိန်းမတ်နှင့် ပွဲစဉ်မတိုင်မီ အင်္ဂလန်သို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယခု ၎င်းတို့နှစ်ဦးအနက်မှ ဂရင်းဝုဒ်မှာ နောက်ထပ်ပြစ်တင်ဝေဖန်ခံရစေမည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

စိတ်မြူးကြွစေသည့်အငွေ့ထည့်သွင်းရှူရှိုက်ရသော ပူဖောင်းတစ်ခုကို ဂရင်းဝုဒ်က ဓာတ်ငွေ့ဖြည့်တင်းကာ ရှူရှို်က်နေသည့် ဗီဒီယိုဖိုင်ကို The Sun သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းဗီဒီယိုဖိုင်ကို ဘောင်းဘီတိုဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက ရိုက်ကူးထားခြင်းဖြစ် ပြီး (၁၃)စက္ကန့် ကြာမြင့်ခဲ့သည်။

နီးစပ်သူများ၏အဆိုအရ Snapchat မှတစ်ဆင့်ထွက်ပေါ်လာခဲ့သော ယင်းဗီဒီယိုဖိုင်မှာ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က မန်ချက်စတာမြို့ရှိ တိုက်ခန်းတစ်ခုတွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းဗီဒီယိုဖိုင်ထဲတွင် ဓာတ်ငွေ့ဖြည့်တင်းရသော Smartwhip Charger (၂)ခုကို စားပွဲပေါ်တွင်တွေ့ရှိရပြီး အလွန်များပြားသည့် ဓာတ်ငွေ့ပမာဏများကိုလည်း တွေ့ရှိ ရကြောင်းသိရသည်။

ယင်း Hippy Crack အငွေ့မှာ လူ၏စိတ်ကို အလွန်ရွှင်မြူးစေပြီး သုံးစွဲမှုများပါက နှလုံးရောဂါနှင့် ဦးနှောက်ပျက်စီးမှုများကို ကြုံတွေ့နိုင်ကြောင်း သိရှိရသည်။

ယင်းဓာတ်ငွေ့ကို ကာလရှည်သုံးစွဲသူများအနေဖြင့် မှတ်ဉာဏ်များပျောက်ဆုံးခြင်း၊ ဗီတာမင်ဓာတ်ချို့တဲ့ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်ထွက်ပေါ်လာခြင်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ဂရင်းဝုဒ် ပြန်လည်ရွေးချယ်ခံရရန်မှာ ကာလပိုမိုရှည်ကြာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အစောပို်င်းက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ဂရင်းဝုဒ်နှင့် ဖိုဒန်တို့ကို အိုက်စလန်ဟိုတယ်ဖြစ်ရပ်ကြောင့် ရှေ့လာမည့် နိုင်ငံတကာပွဲ(၄)ပွဲ၌ ချန်လှပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

 

Most Read

Most Recent