လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမြန်ဆုံးဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြည်သူ့ပါတီက စာပေးပို့

လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမြန်ဆုံးဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြည်သူ့ပါတီက စာပေးပို့
Published 10 September 2020
စည်သူ

လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမြန်ဆုံးဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပြည်သူ့ပါတီက စက်တင်ဘာ ၇ ရက် ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိစေရေးနှင့် စပ်လျဉ်း၍ တင်ပြခြင်းဆိုသော အကြောင်းအရာဖြင့် ပြည်သူ့ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

"အခုအနေအထားသည် ပြည်သူလူထုအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာပါဝင်ဖို့ ရောဂါကူးစက်ခံရမှာကိုကြောက်တဲ့ စိုးရိမ်ကြောင့်ကြမှုရှိတယ်။ စားဝတ်နေရေးအခက်အခဲအတွက် စိုးရိမ်ကြောင့်ကြမှုရှိတယ်။ ပြည်သူလူထုက ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာပါဝင်ဖို့ အဆင်မပြေတဲ့ အနေအထားမျိုးဖြစ်နေတယ်။ နောက်တစ်ခါ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း အင်မတန် စိုးရိမ်ကြောင့်ကြရောက်တယ်။ တစ်ဖက်မှာ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ဖို့ ဂရုစိုက်ရတယ်။ ကိုယ့်ကြောင့် ပြည်သူလူထု ရောဂါကူးစက်မခံရအောင် ဂရုစိုက်ရမယ်။ ရောဂါကူးစက်နှုန်းကလည်း မြန်လာတယ်။ ဒီလိုအနေအထားမျိုးမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင် အနေအထားမျိုး မဟုတ်တော့ဘူး။ လွတ်လပ်မျှတမှု မရှိတော့ဘူးဆိုရင် ရွေးကောက်ပွဲ ရလဒ်အပေါ် သံသယထားမယ် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ဘူးဆိုရင် အငြင်းပွားမှုတွေ ဖြစ်လာခဲ့ရင် နိုင်ငံရေးမတည်ငြိမ်မှုထိ ကြီးသွားနိုင်တဲ့အတွက် ဒီအနေအထားကို ကြိုကာကွယ်နိုင်အောင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှု လုပ်ကိုလုပ်ရမယ်။ အခုဟာက ကျွန်တော်တို့က ဘယ်လောက်ပြောပြော ရွေးကောက်ပွဲကော်မရှင်က တုန့်ပြန်မှု မရှိဘူးဆိုရင် ဒါသည် တိုင်းပြည်အတွက် မကောင်းဘူး။ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းပြည်ရဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို တာဝန်ယူရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်တိုင်းသည် တာဝန်ယူမှု တာဝန်ခံမှု အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှု ရှိပါတယ်ဆိုတာမျိုးကိုတော့ သက်သေပြနိုင်ဖို့ လိုတယ်။ ဒါကြောင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့  ဒီစာကို ထုတ်တာပါ" ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီး၏ မဲဆွယ်လှုပ်ရှားမှုများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ စတင်ပြုလုပ်ရန် ကြေညာထားပြီး COVID-19 ပြန့်နှံ့မှု မြင့်တက်နေချိန်တွင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၌ ပါဝင်ရန် ရောဂါကူးစက်ခံရလေမလားဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပေးပို့စာတွင် ပြောကြားထားသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မိမိမဲဆန္ဒနယ်သို့ မဲဆွယ်သွားရောက်ရာတွင် Quarantine ဝင်ရန် ဒေသန္တရအမိန့်များ ကန့်သတ်ဧရိယာ သတ်မှတ်မှုများကြောင့် များစွာသော အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင် လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဥပမာအနေဖြင့် တင်ပြရပါက မဲစာရင်းမှားယွင်းမှုများ မပြည့်စုံမှုများ ရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာများ ကြားနာစစ်ဆေးရာတွင် အရပ်ဘက်အဖွဲ့အစည်းများကို လေ့လာခွင့်မပြုခြင်းသည် ရွေးကောက်ပွဲရလဒ်အပေါ် သံသယဖြစ်စေနိုင်ကြောင်း ပြည်သူ့ပါတီက အကြောင်းကြားစာတွင်ရေးသားထားသည်။

သို့ဖြစ်၍ လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စနစ်တကျ၊ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးပါရန် လေးစားစွာ တင်ပြအပ်ကြောင်း ပြည်သူ့ပါတီ၏ အကြောင်းကြားစာတွင် ပါရှိသည်။

 

Most Read

Most Recent