NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုအချို့ COVID စည်းကမ်းချက်များနှင့် မကိုက်ညီခြင်းများရှိပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ခက်လိမ့်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုအချို့ COVID စည်းကမ်းချက်များနှင့် မကိုက်ညီခြင်းများရှိပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ခက်လိမ့်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 9 September 2020
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံရေးပါတီများ စတင်မဲဆွယ်စည်းရုံးခွင့်ရသည့် စက်တင်ဘာ ၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ မဲဆွယ်စည်းရုံးမှုအချို့မှာ COVID စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်းနှင့် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ခက်လိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် အောင်လံတင်အခမ်းအနားအပြီးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သတင်းထောက်များအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခက်အခဲကဘာဖြစ်မလဲဆိုရင် ကျွန်တော် မနေ့က ကျွန်တော့်နယ်မြေထဲမှာ ရွာ နှစ်ရွာလောက် သွားလိုက်ပါတယ်။ သွားတဲ့အခါမှာ အဓိကပြိုင်ပါတီက လူတွေရာပေါင်းများစွာ လှုပ်ရှားနေကြတာတွေ တွေ့တယ်။ ဘယ်လိုမှလည်းပဲ ကိုဗစ်ရဲ့ထုတ်ပြန်ထားတဲ့ဟာနဲ့ မကိုက်ညီဘူး။ လူတွေ ဆိုင်ကယ်တစ်စီးပေါ်မှာ လူသုံးလေးယောက်။ ဟိုဒင်းလုပ်တာတို့။ ကားတွေရော။ လူတွေရော။ ရာနဲ့ချီပြီး လှုပ်ရှားနေတဲ့ဥစ္စာတွေဟာ ဒီနေ့ကြိမ်ဖန်များစွာ ထိပ်ဆုံးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ပြောနေတဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲမဲဆွယ်မှုတွေ လုပ်ပါဆိုတဲ့ဟာနဲ့ ကိုက်ရဲ့လား။ ဘယ်သူထိန်းမလဲ။ တိုင်းပြည်ကို စည်းကမ်းနဲ့ပတ်သက်လို့ စံပြလုပ်ရမယ့်ပုဂ္ဂိုလ်တွေကိုယ်တိုင်က မသိချင်ယောင်ဆောင်နေရင်တော့ ဒီရွေးကောက်ပွဲကြီးဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အင်မတန်ခက်လိမ့်မယ်။ ကျွန်တော်တို့ စိုးရိမ်တာ မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာ တစ်ခုပဲ” ဟု ဦးသန်းဌေးက ပြောကြားသည်။

အဓိကပြိုင်ဘက်ပါတီနည်းတူ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လူဦးရေ ရာနှင့်ချီ၍ အောင်နိုင်ရေး လှုပ်ရှားဆောင်ရွက်ပါက ၎င်းတို့ပါတီအား အရေးယူခြင်း ရှိ၊ မရှိ နှင့်ပတ်သက်၍ အာဏာပိုင်အဖွဲ့အစည်းအား မေးမြန်းသွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်သြဂုတ်လက ပြိုင်ဘက်ပါတီ၏ လုပ်ဆောင်ချက်များအပေါ် တရားစွဲဆိုထားသည့် အမှုနှစ်မှုနှင့်ပတ်သက်၍လည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အရေးမယူရန်ဆိုသည့်စာများ တွေ့ရှိရကြောင်း ဦးသန်းဌေးက ဆိုသည်။

“ ဒီဟာနဲ့ပတ်သက်လို့ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ရှင်းတာမတွေ့ဘူး။ ဒါဆိုရင်တော့ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ကောင်ပြီ။ သူလုပ်လို့ကိုယ်လိုက်လုပ်မယ်ဆိုရင် ဘယ်သူထိန်းမလဲ။ ခုနက မေးခွန်းပြန်မေးမယ်။ ဒီတိုင်းပြည်ဟာ ဒီမိုကရေစီကို အလွန်တန်ဖိုးထားတဲ့အစိုးရအုပ်ချုပ်နေတဲ့ကာလလို့ ယူဆတယ်။ ဒီမိုကရေစီမှာ တန်းတူရေးတွေ၊ ညီမျှခြင်းတွေ အများကြီးပါတယ်။ အဲဒီတော့ အာဏာရှိတဲ့သူက လုပ်ချင်ရာ လုပ်ပြီး ကျန်တဲ့သူတွေလုပ်ခွင့်မရဘူးဆိုရင်တော့ အဓိပ္ပါယ်တော့မရှိဘူးပေါ့နော်။ သို့သော်လည်းပဲ နိုင်ငံရေးပါတီတွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲတော့ ဒီအခွင့်အရေးတော့ လက်လွှတ်ခံလို့မရဘူး။ အဲဒီတော့ စောစောကပြောသလိုပဲ။ မျှတတဲ့အခွင့်ရေးလိုချင်လို့ ငါတို့လည်း လုပ်မယ်ဆိုရင်တော့ အဲဒါမမျှော်မှန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ လူတွေဟာ ရန်လိုမှုတွေ ဖြစ်လာနိုင်တယ်လို့ ဒီလိုပဲသုံးသပ်ပါတယ်” ဟု ဦးသန်းဌေးက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မျှော်မှန်းထားသလောက် အောင်မြင်မှုမရခဲ့သော်လည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်ရန်အထိ ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ပါတီတစ်ခုဟာ ရွေးကောက်ပွဲဝင်တယ်ဆိုတာ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်နိုင်မယ်ထင်လို့ ဝင်ကြတာလေ။ကျွန်တော်တို့ရဲ့ဆောင်ပုဒ်က ပိုပြီးတောက်ပတဲ့အနာဂတ်။ ပိုပြီးတောက်ပတဲ့အနာဂတ်ဆိုတာ ပိုပြီးလုံခြုံရမယ်။ ပိုပြီးတော့ စီးပွားရှာလို့ လွယ်ရမယ်။ အများကြီးပါ။ ဒီနေ့အခြေအနေထက် ပိုပြီးတော့ ဒီမိုကရေစီအခွင့်အရေးတွေ ရရမယ်။ လူ့အခွင့်အရေးတွေ ရရမယ်။ ငြိမ်းချမ်းရေးတွေ ပိုကောင်းရမယ်။ လုပ်လည်းလုပ်ခဲ့တဲ့ဟာဖြစ်တဲ့အတွက် ဒါကိုကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အတွက် ရွေးကောက်ပွဲဝင်တာလို့ ပါတီအနေနဲ့ ဒီလိုပဲဖြေပါရစေ” ဟု ပြောကြားသည်။

Most Read

Most Recent