သာစည်မြို့၊အမှတ် (၄) မြို့မရပ်ကွက်နေ COVID-19 အတည်ပြုလူနာ Case-1321 နှင့် ဆက်စပ်ပတ်သက်ခဲ့သူများအား Swab ယူစစ်ဆေးခဲ့ရာ ဇနီး၊ သားနှင့် ဆိုင်ဝန်ထမ်း နှစ်ဦးတွင် COVID-19 ပိုးထပ်မံတွေ့ရှိခဲ့ရသဖြင့် သာစည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် အတည်ပြုလူနာ ငါးဦးထိ ရှိလာပြီဖြစ်ကြောင်း သာစည်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရှိရသည်။


“ဆက်စပ်တဲ့ (၂၂) ယောက်ကို Swab ယူစစ်ဆေးလိုက်တော့ မနေ့ညက ပိုးတွေ့လူနာ လေးယောက် ထပ်ထွက်လာတယ်။ အတည်ပြုဒီလေးယောက်ကို ဆေးရုံကို ရွှေ့လိုက်တော့ဆေးရုံမှာ COVID-19 ပိုးတွေ့လူနာ ငါးယောက်ရှိသွားပြီ၊ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးကတော့ ကောင်းနေပါတယ်၊ ကိုယ်ပူချောင်းဆိုးဖျားတဲ့လက္ခဏာမျိုး တွေ့လားလို့ ဆေးရုံအုပ်ကြီးကို မေးကြည့်တော့ မတွေ့ရဘူးပြောပါတယ်၊ ချက်ချင်းပဲ အဲ့ဒီလေးယောက်ရဲ့ Close Contact ကို ပြန်ရှာပြီးတော Quarantine ဝင်ခိုင်းထားရတယ်၊ မနေ့ညတွင်းချင်း လိုက်ရှာပြီးတော့ ကားနဲ့ခေါ်ပေးလုပ်လိုက်တာ၊ Quarantine (၂၃) ယောက် ဖြစ်သွားပြီ၊ အဲ့ဒီ (၂၃) ယောက်ကိုလည်း ဒီနေ့စက်တင်ဘာ ၉ ရက် မနက်အချိန်မှီ Swab ယူပြီးပို့လိုက်မယ်၊ သူတို့ကို ပိုး ရှိ မရှိ ပြန်စစ်ကြည့်ရမယ်၊ အခုလူတွေအားလုံးကို အိုးအိမ်မှာထားတယ်၊ တိုက်ခန်းတွေမှာ ခြောက်ပေအကွာနဲ့ ငါးယောက်၊ လေးယောက် အားလုံးထားတယ်၊ Swab ယူပြီးပါခဲ့ရင် ဆေးရုံပို့မယ်၊ မပါရင် အဲ့ဒီထဲမှာဆက်နေပြီး နောက်တစ်ကြိမ် ပိုးထပ်စစ်လို့ ရက်ပြည့်လို့လွတ်တယ်ဆိုရင် ပြန်လို့ရပြီ၊ အုပ်စုလိုက် မဖြစ်အောင်ခွာထားတယ်” ဟု သာစည်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောကြားသည်။


စက်တင်ဘာ ၆ ရက်နေ့က သာစည်မြို့၊ မြို့မရပ်ကွက်နေ အသက် (၃၁) နှစ်အရွယ် အမျိုးသားအား ပိုးတွေ့လူနာ Case-1321 အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြူခဲ့ပြီးနောက် ဆက်လက်စစ်ဆေးခဲ့ရာ အမျိုးသမီး သုံးဦး၊ ကလေးငယ် တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါထပ်မံတွေ့ရှိရသော လေးဦးနှင့် ဆက်စပ်ပတ်သတ်ခဲ့သူ ၂၃ ဦးအား Quarantine ဝင်ရောက်စေကာ Swab ရယူပြီး COVID-19 ပိုး ရှိ မရှိ အမြန််ဆုံးပို့ဆောင်စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။















