၂၀၂၀ ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရန် မျှော်လင့်ကြောင်းနှင့် ပြည်သူကိုပေးကမ်း၍ စည်းရုံးသွားမည်မဟုတ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရန် မျှော်လင့်ကြောင်းနှင့် ပြည်သူကိုပေးကမ်း၍ စည်းရုံးသွားမည်မဟုတ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား
Published 8 September 2020
မင်းသန့်၊ ယဉ်မျိုးသွယ်

၂၀၂၀ ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရန် မျှော်လင့်ကြောင်းနှင့် ပြည်သူကိုပေးကမ်း၍ စည်းရုံးသွားမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြားသည်။

၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမရပူရမြို့နယ်၌ NLD အောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီ‌ခန့်က ပြုလုပ်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရာနှုန်းပြည့်အနိုင်ရရှိရန် မျှော်မှန်းချက်နှင့်ပတ်သက်၍ ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရာနှုန်းပြည့်ကတော့ နိုင်ချင်တာပေါ့လေ။ ကြိုးစားရမှာပေါ့။ ဘာလို့လဲဆိုတော့ အရင် ၂၀၁၅ တုန်းက လေးနေရာလောက် ရှုံးခဲ့တာလေ။ အားသာချက် အားနည်ချက်ကတော့ စည်းရုံးနိုင်မှုအပေါ်မှာ မူတည်တာပေါ့။ လူထုအနေနဲ့ကတော့ ကျွန်တော်တို့အပေါ်မှာ စိတ်အားထက်သန်မှုက ရှိနေတုန်းပါပဲ။ အားသာချက်က ကျွန်တော်တို့က အဆင်သင့်ပြင်ပြီးသား။ ပါတီဝင်တွေအကုန်လုံးက ရွေးကောက်ပွဲသင်တန်း၊ စည်းရုံးရေးသင်တန်းတွေ ဆင်းပြီးသား။ တတ်နိုင်သမျှ Train လုပ်ပြီးသား။ နောက်တစ်ချက်က ဘာလဲဆိုတော့ ဒေသခံတွေလည်း အများကြီးရှိတယ်။ လွတ်လွတ်လပ်လပ်စည်းရုံးလို့ရမယ်ဆိုရင် ဒေသခံတွေနဲ့ အင်တိုက်အားတိုက်စည်းရုံးလို့ ရတယ်။ တစ်ခုပဲ ကျွန်တော်တို့ဘက်က ပြောနိုင်တာကတော့ မတရားတော့  ဘာမှမလုပ်ဘူး။ ပြည်သူလူထုကို ပေးကမ်းပြီးတော့ မစည်းရုံးဘူး။ ဒါကျွန်တော်တို့ မူဝါဒပေါ့။ ကျွန်တော်တို့ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်တွေ မူဝါဒတွေ ချပြပြီး စည်းရုံးတာပဲ။ အဲဒီတော့ မျှော်လင့်တာပေါ့။ နိုင်အောင်ကတော့ ကြိုးစားရမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူများအနေဖြင့် မဲပေးကြရန် ၎င်းက တိုက်တွန်းပြောကြားသည်။

“ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုယ့်အခွင့်ရေးကို အပြည့်ဝယူပြီး မဲပေးသင့်ပါတယ်။ ဘယ်သူ့ပေးပေးပါ။ ဘာကြောင့်မဲပေးရမှာလဲဆိုတော့ အာဏက ပြည်သူ့ထံက ဆင်းသက်တယ်ဆိုတာ သက်သေပြဖို့ မဲပေးဖို့လိုတယ်။ မဲများများပေးလေ ရွေးကောက်ပွဲက ဂုဏ်ရှိလေပဲ။ တစ်နည်းအားဖြင့် အစိုးရရဲ့ ဂုဏ်ဒြပ်နဲ့လည်း ဆိုင်တယ်။ နောက်ပြီး ဖြစ်ပေါ်လာမယ့် အစိုးရဟာလည်း ပြည်သူလူထုရဲ့ ထောက်ခံမဲအများကြီးရတယ် ဆိုတဲ့ဟာလည်းဖြစ်တော့ အားလုံးက မဲပေးဖို့ လိုတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

အဆိုပါ အောင်နိုင်ရေးဆိုင်ဘုတ်တင်အခမ်းအနားကို အမရပူရမြို့နယ် ကပ်ကျော်ကွေ့ မြို့သစ်စျေး မီးပွိုင့်အနီးတွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အမရပူရမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent