ပရီးမီးယားလိဂ်ကစားသမားအချို့သည် Black Lives Matter လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ရန်ဆန္ဒမရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲများရပ်နားအပြီး ပြန်ကစားရာ၌ Black Lives Matter လှုပ်ရှားမှုများကိုပရီးမီးယားလိဂ်က စားသမားများက ပြုလုပ်ခဲ့ကြသည်။
အမေရိကန်နိုင်ငံတွင် လူမည်းတစ်ဦးဖြစ်သည့် ဂျော့ချ် ဖလွိုက်ကို လူဖြူရဲတစ်ဦးက အသက်သေဆုံးစေခဲ့သည့် ဖြစ်ရပ် အပြီးတွင် ကမ္ဘာတစ်ဝှမ်း၌ လူဖြူ/လူမည်းခွဲခြားခြင်းကို ဆန့်ကျင်သောအနေဖြင့် Black Lives Matter လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

သို့ဖြစ်ရာ ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင်လည်း Black Lives Matter လှုပ်ရှားမှုများကို ပရီးမီးယားလိဂ်ကစားသမားများက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်၌ပွဲမစမီ ကွင်းအတွင်းဒူး တစ်ဖက်ထောက်ကာ ငြိမ်သက်ခြင်း၊ အကျႌနောက်ကျောတွင် Black Lives Matter စာတန်းကိုရေးသားခြင်း၊ အကျႌများပေါ်တွင် Black Lives Matter လိုဂိုများတပ်ဆင်ခြင်းစသည့် လှုပ် ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ မကြာမီစတင်တော့မည့် ၂၀၂၀-၂၁ ဘောလုံးရာသီတွင် ယင်း Black Lives Matter လှုပ်ရှားမှုများကို မည်သည့်အချိန်အထိ၊ မည်ရွေ့မည်မျှ ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကို ကစားသမားများအကြား အမြင်ကွဲပြားလျက်ရှိနေကြောင်း သိရှိရသည်။

လူမည်းကစားသမားအများစုက ယင်းလှုပ်ရှားမှုကို ဆက်ရှိစေရန် ဆန္ဒရှိနေသော်လည်း အချို့ကမူ အစွန်းရောက် ဆန့်ကျင်ဆန္ဒပြသူများ၏ပုံတူကူးချမှုများကြောင့် Black Lives Matter လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ရန် ဆန္ဒမရှိ တော့ကြောင်း သိရသည်။ လာမည့်ရာသီသစ်မစတင်မီ ပရီးမီးယားလိဂ်ကလပ်အသင်းခေါင်းဆောင်များ တွေ့ဆုံကာ ယင်းကိစ္စကို ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း သိရသည်။
Black Lives Matterလှုပ်ရှားမှုကို အဓိကဆောင်ရွက်သော အကြံပေးအဖွဲ့တွင် ပရီးမီးယားလိဂ်ကစားသမားဟောင်းများနှင့် လက်ရှိကစားသမားများပါဝင်ပြီး ယင်းထဲတွင် အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်း၊ လက်စတာအသင်းခေါင်းဆောင် ဝက်စ်မော်ဂန်အစရှိသူတို့ ပါဝင်ကြောင်း သိရသည်။ လူဖြူ/လူမည်း ခွဲခြားခြင်းကို ဆန့်ကျင်သောအဖွဲ့အစည်း တစ်ခုဖြစ်သည့် Kick It Out အဖွဲ့မှ တာဝန်ရှိသူ ထရိုင်တောင်ဆန်က လူဖြူ/လူမည်းခွဲခြားခြင်းမှာ မလျော့ပါးသေးဘဲ ယခင်ကဲ့ သို့ပင်ရှိသေးကြောင်း၊ Black Lives Matter လှုပ်ရှားမှုများ ပရီးမီးယားလိဂ်တွင်ဆက်ရှိစေရန်မျှော်လင့်ကြောင်း ဆိုခဲ့သည်။















