PSG အသင်း၏ ပြင်သစ်လူငယ် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဖလားကို အရယူရန်အတွက် ကစားသမား ခေါ်ယူမှုများ ထပ်မံပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဘာပေသည် PSG အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ထားပြီးဖြစ်သလို၊ အသင်းဖော် ဘရာဇီးလ်ကြယ်ပွင့်ကစားသမား နေမာမှာလည်း အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ကတိပြုထားပြီးဖြစ်သည်။
ဘာပေက "ကျွန်တော် ချန်ပီယံလိဂ်ဖလားကို အရယူဖို့အတွက် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို ကျွန်တော်တို့ မယုံရင် ဘယ်သူမှ ယုံကြည်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးပြီးတဲ့အသင်းတွေဟာ မကြာခင်မှာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်လေ့ရှိပါတယ်။ PSG အသင်းကလည်း ဗိုလ်လုပွဲတက်ခဲ့ခြင်းနဲ့အတူ ပိုပြီးကြီးထွားလာပါတယ်။ ကျွန်တော်တို့အတွက် အရင်က ကွာတားဖိုင်နယ်က အတားအဆီးဖြစ်ခဲ့ပြီး အခု ဒီအတားအဆီးကို ကျွန်တော်တို့ ရိုက်ချိုးနိုင်ခဲ့ပြီးပါပြီ။ ဒီအချိန်မှာ အသင်းကို အားဖြည့်မှုတွေ လုပ်ရပါမယ်။ ကစားသမားသစ်တွေ ခေါ်ယူရပါမယ်။ အားဖြည့်ပြင်ဆင်မှု ကောင်းတွေ လုပ်လိမ့်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အသင်းက လာမယ့်ရာသီမှာ ပိုကောင်းတဲ့အသင်းတစ်သင်းအဖြစ် စတင်နိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားအတွက် ပိုအားကောင်းလာပါမယ်" ဟုဆိုခဲ့သည်။















