လာမည့်ရာသီတွင် ဘာစီလိုနာအသင်း ဆုဖလားများအား စိန်ခေါ်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ရာသီကုန်တွင် မက်ဆီ ထွက်ခွာလိမ့်မည်ဟု ပရိသတ်များ မဲပေးခဲ့ကြ

လာမည့်ရာသီတွင် ဘာစီလိုနာအသင်း ဆုဖလားများအား စိန်ခေါ်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ရာသီကုန်တွင် မက်ဆီ ထွက်ခွာလိမ့်မည်ဟု ပရိသတ်များ မဲပေးခဲ့ကြ
Published 7 September 2020

စပိန်အားကစားသတင်းစာ Marca မှပြုလုပ်ခဲ့သည့် အွန်လိုင်းစစ်တမ်းများအရ ဘာစီလိုနာအသင်းပရိသတ်များအနေဖြင့် လာမည့် ၂၀၂၀ -၂၁ ရာသီတွင် ၎င်းတို့အသင်းမှာ ဆုဖလားများအား စိန်ခေါ်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် အ သင်းခေါင်းဆောင် မက်ဆီအနေဖြင့် ရာသီကုန်တွင် အသင်းမှထွက်ခွာလိမ့်မည်ဟု ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။ နည်းပြသစ် ရော်နယ်လ်ကိုးမန်းကို ခန့်အပ်ခဲ့ခြင်း၊ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲရှိနေခြင်း၊ အဓိက ကစားသမား မက်ဆီ၏ စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ခြင်းစသည့် ဘာစီလိုနာ၏ ရာသီသစ်အလားအလာများနှင့် ပတ်သက်ပြီး Marca မှ အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ခြင်းအပေါ် ပရိသတ်များမှ ဆန္ဒမဲများပေးခဲ့ ကြခြင်းဖြစ်သည်။ 

Marca ၏စစ်တမ်းတွင် မက်ဆီမှာ ဘာစီလိုနာ၏ ဂန္ထဝင်အဖြစ် ဆက်လက်တည်ရှိနေမည်လားဟု မေးမြန်းထားမှုအပေါ် ဘာစီလိုနာပရိသတ် (၆၂%)က လက်ခံခဲ့ကြပြီး၊ ကျန် (၃၈%)မှာမူ မက်ဆီမှာ ဂန္ထဝင်တစ်ဦး၏ သဘောထားများ မပြနိုင်ခဲ့ဟု သုံးသပ်ခဲ့ကြသည်။ ဘာစီလိုနာအသင်းတွင် အသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမူနှင့် မက်ဆီတို့ (၂)ဦးအနက် မည်သူ့ကို ဆက်ရှိရန်လိုလားပါသနည်းဟု မေးမြန်းမှု၌ ပရိသတ် (၈၂%)က မက်ဆီ ဆက်ရှိစေရန် ဆန္ဒပြုခဲ့ကြပြီး (၁၈%)ကသာ ဘာတိုမူအား ရွေးချယ်ခဲ့ကြသည်။

နောက်ထပ်မေးမြန်းမှုတစ်ခုဖြစ်သည့် နူးကမ့်တွင် မက်ဆီ ဆက်ရှိနေခြင်းမှာ ဘာစီလိုနာအသင်းအတွက် ကောင်းမွန်သည့်အကြောင်းအရာဖြစ်ပါသလားဟူသည့် မေးခွန်းကိုမူ ပရိသတ် (၄၄%)သာ ထောက်ခံခဲ့ကြပြီး၊ ကျန် (၅၆%)မှာမူ အသင်းမှာ ပြန်လည်ပြင်ဆင်ရဦးမည်ဟု ဆန္ဒမဲပေးခဲ့ကြသည်။ ဘာစီလိုနာအသင်းအနေဖြင့် လာမည့်ရာသီတွင် ဆုဖလားများအား စိန်ခေါ်နိုင်မည်လားဟု မေးမြန်မှုတွင်မူ ပရိသတ် (၆၉%) က စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း ဆိုခဲ့ကြပြီး၊ (၃၁%)သာ ထောက်ခံခဲ့ကြသည်။ 

ယခုစစ်တမ်းတွင် အရေးပါဆုံးမေးခွန်းတစ်ခုဖြစ်သည့် လာမည့်နွေရာသီတွင် မက်ဆီအနေဖြင့် အသင်းမှ ထွက်ခွာမည်လားဟု မေးမြန်းမှုအပေါ် ပရိသတ် (၇၅ %)အထိ ထွက်ခွာမည်ဟု ယုံကြည်နေကြပြီး၊ (၂၅%)သာ မက်ဆီ ဆက်ရှိမည်ဟု မဲပေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဘာစီလိုနာအသင်းပရိသတ်များအနေဖြင့် အသင်း၏ လက်ရှိကြုံတွေ့နေရသည့် အားကစားဆိုင်ရာ ကပ်ဆိုက်သောကာလမှာ လာမည့် ၂၀၂၀ -၂၁ရာသီတွင်လည်း ပြီးဆုံးလိမ့် မည်မဟုတ်သေးကြောင်း သုံးသပ်ခဲ့ကြသည်ဟု Marca သတင်းစာက ဖော်ပြခဲ့သည်။ 

Most Read

Most Recent