ရခိုင်ပြည်နယ်တွင် COVID-19 ကပ် ရောဂါကူးစက်ပျံ့နှံ့ နေချိန်တွင် အစိုးရအပါအဝင် နိုင်ငံတစ်ဝန်းလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကူညီနေချိန်၌ AA ခေါင်းဆောင်များအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်မှုမျိုး မလုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်မြောက်ပိုင်းတွင် COVID-19 ရောဂါ ကူးစက်ပျံ့ပွားလာခြင်းနှင့် ပတ်သက်၍ AA အဖွဲ့ခေါင်းဆောင်က နိုင်ငံရေး၊ စစ်ရေး အကြောင်းခံပြီး ရောက်လာသည်ဆိုသော ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။
“COVID ရခိုင်မှာ ပျံ့တဲ့ကာလမှာ ကူညီမှုတွေ များလာတယ်။ ဒါအထင်အရှားပဲ။ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကျွန်တော်တို့က ကူညီတာ။ ရှင်းရှင်းပြောရရင် အကြမ်းဖက်သမားနဲ့ ပြည်သူကို ကျွန်တော်တို့က ခွဲမြင်တယ်။ ကျန်တဲ့ တစ်နိုင်ငံလုံးက ပြည်သူကလည်း ခွဲမြင်တယ်။ AA အကြမ်းဖက်သမားက သပ်သပ်၊ ရခိုင်ပြည်သူလူထုက သပ်သပ်။ အဲဒီတော့ ရခိုင်ပြည်သူလူထု ဒုက္ခရောက်တဲ့အချိန်မှာ ၀ိုင်းကူတယ်။ ဒါရှင်းရှင်းလေးရယ်။ အရင်တုန်းက ခင်ဗျားတို့ကြည့်လိုက်၊ AA အတွက် ဘယ်သူက ဘဏ္ဍာငွေတွေ၊ အလှူငွေတွေ ကောက်လဲ။ နိုင်ငံခြားမှာ ရောက်နေတဲ့ အုပ်စုတွေပေါ့နော်၊ သူတို့အမျိုးနွယ်အုပ်စုတွေ ဒါတွေပဲ ကောက်တာ။ ပြည်တွင်းက ဘယ်သူကမှ မကူဘူး။ IDP စခန်းတွေ၊ တိုက်ပွဲရှောင်စခန်းတွေ ဘယ်သူမှ မကူဘူး၊ ပြည်တွင်းက။ ဒါပေမဲ့ COVID ဖြစ်တဲ့အချိန်မှာကူတယ်။ ဒါသိသာထင်ရှားတဲ့ အချက်ပေါ့။ ပြောရရင် တစ်နိုင်ငံလုံးက လူတွေက စိုးရိမ်ပူပန်ပြီး လုပ်နေတဲ့ အချိန်မှာ AA ခေါင်းဆောင်တွေက တလွဲတွေ ပြောနေလို့ အဆင်မပြေဘူး။ ပြောတာ၊ ကြေညာချက်က တစ်ခု၊ အောက်မှာလုပ်တာကသပ်သပ် ပြောင်းပြန်တွေ ဖြစ်နေတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ရမ်းဗြဲမြို့မှလွဲ၍ ၁၆ မြို့နယ်တွင် COVID-19 ရောဂါ Positive လူနာများကို တွေ့ရှိနေရပြီး အနီရောင်အဆင့် သတ်မှတ်ခံထားရခြင်း မရှိသည့်မြို့နယ် တစ်ခုသာရှိခြင်းကြောင့် တစ်ပြည်နယ်လုံး နီးပါးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း၊ COVID-19 ရောဂါသည်လည်း မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် ရခိုင်ပြည်သူများအတွက် စိုးရိမ်စရာကောင်းသဖြင့် အစိုးရနှင့် လူမှုအဖွဲ့အစည်းများက အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ကျွန်တော် စောစောကပြောတဲ့ ဒေသခံလူထုက ငါးရာခိုင်နှုန်းပဲ ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ဒီ COVID-19 က ကျွန်တော်တို့ ရခိုင်မှာ ဖြစ်တယ်ဆိုလည်း ပြည်ထောင်စု တစ်ခုလုံးက စိုးရိမ်တယ်၊ ပူပန်တယ်၊ ကူညီတယ် အင်တိုက်အားတိုက်။ အရင်ကာလတွေမှာ မကူညီဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် AA အဖွဲ့အနေဖြင့် စစ်ရှိန်လျော့ရန် လိုအပ်ပြီး အောက်ခြေတွင် လှုပ်ရှားနေမှုများအား သိသိသာသာ လျှော့ဖို့နှင့် လျှော့ချရန် လိုကြောင်းနှင့် သို့မှသာ ၎င်းတို့သည် အပစ်ရပ် ကြေညာထားသည့်အတိုင်း လိုက်နာဆောင်ရွက်သည်ဆိုသော အချက်နှင့် ညီလိမ့်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ဒီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ AA နဲ့ ကျွန်တော်တို့ ထိတွေ့မှုပေါင်း ၄၅၈ ကြိမ်ရှိတယ်။ မိုင်းထောင်တဲ့ ဖြစ်စဉ်ပေါ့။ ၂၀၆ ကြိမ်ရှိတယ်။ အဲဒီတော့ ဟိုတလောကပဲ အပစ်ရပ် ကြေညာတယ်။ ဒါပေမဲ့ အပစ်ရပ် ကြေညာတာကသပ်သပ်၊ အောက်ခြေမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာ သပ်သပ်ဖြစ်တယ်။ ပြောရရင်တော့ ဒီအပစ်ရပ်ကာလမှာ AA ဘက်က လက်တွေ့လုပ်ဆောင်ချက်တွေကလည်း လျှော့ဖို့လိုတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
AA အဖွဲ့အနေဖြင့် အပစ်ရပ်ကြေညာထားသည့် နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကို လျှော့ချရန် လိုအပ်ပြီး မိုင်းထောင်ခြင်းများကို မလုပ်ရန် အပါအဝင် မကြာသေးခင် ကာလအတွင်းက ရိက္ခာယာဉ်တန်းကို မိုင်းထောင်ခြင်းများ၊ အခြားသော တိုက်ခိုက်မှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများသည် နေ့စဉ်လိုလို ဖြစ်ပွားနေသည့်အတွက် ၎င်းတို့၏ Statement နှင့် လက်တွေ့လုပ်ဆောင်ချက်များသည် ပြောင်းပြန် ဖြစ်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဖြစ်လာတဲ့ အဖွဲ့မှာ ဘယ်လိုမှ စည်းမျဉ်းစည်းကမ်း ဘယ်လိုထိန်းနေလဲ။ ခေါင်းဆောင်တွေကတော့ ကြေညာပါတယ်ဆိုပြီး ကြေညာချက်ထုတ်တယ်။ ဟုတ်ပြီ၊ အောက်ခြေမှာကတော့ ပြောင်းပြန်ပေါ့။ အကြမ်းဖက် လုပ်ရပ်တွေက လျော့မသွားဘူး။ မိုင်းထောင်တာတွေက ဆက်ဖြစ်နေတယ်။ တိုက်တာတွေက ဆက်ဖြစ်နေတယ်။ အဲဒီတော့ ကြေညာတာက ကြေညာတာ တစ်ပိုင်းပေါ့။ တပ်မတော်နဲ့ မတူဘူး။ မတူဘူး ဆိုတာက Ceasefire တပ်မတော်က ကြေညာတယ်ဆိုတာက အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားဆောင်ရွက်တဲ့ နယ်မြေမှအပ အဲဒီလို ကြေညာထားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။