အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်ကို ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ တစ်ဦးချင်းကိုယ်စားလှယ်များကို တိုက်ရိုက်ထောက်ပံ့ခြင်းမဟုတ်ဘဲ ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်အဖွဲ့အစည်းများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရန် ထောက်ပံ့ခဲ့ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ရှင်းလင်း

အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်ကို ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ တစ်ဦးချင်းကိုယ်စားလှယ်များကို တိုက်ရိုက်ထောက်ပံ့ခြင်းမဟုတ်ဘဲ ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်အဖွဲ့အစည်းများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရန် ထောက်ပံ့ခဲ့ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ရှင်းလင်း
Published 4 September 2020

အမေရိကန်အစိုးရအနေဖြင့် ဒေါ်လာ ၄၆ သန်းကျော်ကို ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ သို့မဟုတ် တစ်ဦးချင်းကိုယ်စားလှယ်များကို တိုက်ရိုက်ထောက်ပံ့ခြင်း မဟုတ်ဘဲ ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်အဖွဲ့အစည်းများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် အမေရိကန်ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း အမေရိကန်သံရုံးက ရှင်းလင်းပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် သြဂုတ် ၂၈ ရက်က ဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ အခြေအနေနှင့်ပတ်သက်၍ စက်တင်ဘာ ၄ ရက်တွင် The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“United State အစိုးရသည် UEC၊ နိုင်ငံရေးပါတီများ သို့မဟုတ် တစ်ဦးချင်းကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်ရန်ပုံငွေ မထောက်ပံ့ပါ။ ၎င်းအစား အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှစ၍ အမေရိကန်အဖွဲ့ အစည်းများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရန် ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့ခဲ့သည်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံံး တာဝန်ရှိသူက ပြောကြားသည်။

အမေရိကန်အစိုးရ၏ ထောက်ပံ့မှုကို ရရှိခဲ့သော အဆိုပါ အဖွဲ့အစည်းများသည် COVID-19 ကူးစက်ရောဂါ ကာလအတွင်း ရွေးကောက်ပွဲများ ဘေးကင်းစွာကျင်းပခြင်းအပါအဝင် ရွေးကောက်ပွဲစီမံခန့်ခွဲမှု၏ ရှုထောင့်များစွာအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် နည်းပညာအထောက်အပံ့များ ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံံး တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုကို ရရှိခဲ့သော အဖွဲ့အစည်းများသည် အဆိုပါ ရန်ပုံငွေဖြင့်ပင် နိုင်ငံရေးပါတီများအားလုံးကို စည်းရုံးလှုံ့ဆော်ရေးစွမ်းရည်နှင့် ၎င်းတို့ ကိုယ်စားပြုသူများနှင့် ထိတွေ့မှုဆိုင်ရာ သင်တန်းများ ဖွင့်ပေးခဲ့ကြောင်းလည်း အမေရိကန်သံရုံံး တာဝန်ရှိသူက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် တာဝန်မှ ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီတို့သည် သြဂုတ်နောက်ဆုံးပတ်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော ရွေးကောက်ပွဲက အရေးကြီးသည့် အကြောင်းနှင့် အများလက်ခံ၍ ယုံကြည်ရသော ရွေးကောက်ပွဲစောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် အမေရိကန်သံရုံး၏ အင်္ဂလိပ်ဘာသာဖြင့် သတင်းဖော်ပြချက်၌ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားသည့်အကြောင်း ပါဝင်ခဲ့သော်လည်း မြန်မာဘာသာဖြင့် ဖော်ပြချက်၌ အဆိုပါအကြောင်းအရာ မပါဝင်ခဲ့သဖြင့် အဆိုပါပို့စ်အောက်တွင် ဝေဖန်မှတ်ချက်ရေးသားမှုများရှိခဲ့ပြီး အမေရိကန်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကမူ ဘာသာပြန်ရန် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က ပြန်လည်မှတ်ချက်ပြု ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍လည်း အမေရိကန်သံရုံးတာဝန်ရှိသူက သံရုံးသည် မရည်ရွယ်ဘဲ ဘာသာပြန်ထားသော ပျက်ကွက်မှုအတွက် သတိပြုမိပြီး ပြင်ဆင်ချက်ပေးခဲ့ကြောင်း၊ Followers များအတွက် သံရုံး Facebook မှ ဓာတ်ပုံနှင့်စာတန်း ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရကြောင်း၊ သို့သော်လည်း ၎င်းတို့သံရုံး၏ Facebook စာမျက်နှာတွင် မူရင်းပို့စ်၏ တစိတ်တပိုင်းအနေဖြင့် ရှိနေကြောင်း (သီးခြားတင်ခြင်းမဟုတ်ကြောင်း) ရှင်းလည်းပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သော ရှုပ်ထွေးမှုအတွက် ၎င်းတို့အနေဖြင့် တောင်းပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

Most Read

Most Recent