COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲ ပြောင်းရွှေ့မည်ဆိုပါက အောက်တိုဘာတွင် ကြေညာသွားရန်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ပြောကြား

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲ ပြောင်းရွှေ့မည်ဆိုပါက အောက်တိုဘာတွင် ကြေညာသွားရန်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ပြောကြား
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်က သတင်းစာရှင်းလင်းပွဲဲပြုလုပ်စဉ်
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်က သတင်းစာရှင်းလင်းပွဲဲပြုလုပ်စဉ်
Published 2 September 2020
နေရိုင်း၊ ဇေယျာထွန်း

COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြောင်းရွှေ့မည်ဆိုပါက အောက်တိုဘာတွင် ကြေညာသွားရန်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ မေးမြန်းမှုကို ၎င်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် COVID-19 ရောဂါပိုး တွေ့ရှိမှုများပြားလာနေသည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန်ရှိသလားဟု မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ ရွှေ့ရင် အောက်တိုဘာလမှ ကြိုတင်ပြီးပြောမှာပေါ့။ များများလာတယ်ဆိုတာကလည်း စစ်တွေ၊ ရန်ကုန်ပေါ့နော်။ စစ်တွေနဲ့ ရန်ကုန်မှာ အဖြစ်များတာပေါ့။ ကျန်တဲ့နေရာတွေမှာ ဒီလောက်မရှိဘူး။ စစ်တွေနဲ့ ရန်ကုန်မှာပဲများတယ်။ ရွှေ့ဖို့ရှိ လာရင်တော့ ခါတိုင်းကလည်း အောက်တိုဘာမှာ ပြောနေတာပေါ့” ဟု ပြန်လည်ဖြေကြားသည်။

မကြာမီကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရကထုတ်ပြန်ထားသည့် လူစုလူဝေးမဖြစ်စေရန် တားမြစ်ထားချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခြင်းကို မကြာမီကာလအတွင်း တိတိကျကျထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“မဲဆွယ်တဲ့ကာလကို တိတိကျကျ ထုတ်ပြန်မယ်။ အိမ်တိုင်ရာရောက် မဲဆွယ်မယ်တို့။ အဆောက်အအုံအတွင်း မဲဆွယ်မယ်လို့။ ကွင်းပြင်မှာ မဲဆွယ်မယ်လို့။ အတိအကျ ထုတ်ပြန်မယ်။ သေသေချာချာကြိုတင်ပြီး လုပ်ထားတယ်။ မကြာခင်မှာ မဲဆွယ်စည်းရုံးတာ ဘယ်လိုလိုက်နာကြရမယ်ဆိုတာကို မကြာခင်ထုတ်ပြန်မယ်။ မဲဆွယ်စည်းရုံးခွင့် ပေးတာနဲ့ တစ်ပြိုင်တည်း ဒါတွေ ဒါတွေ တစ်ခါတည်း အကြောင်းကြားမှာပေါ့။ UEC ဝက်ဘ်ဆိုက်မှာလည်း တင်မယ်။ Facebook မှာလည်း တင်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် COVID-19 ကပ်ရောဂါကာ လအတွင်း မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေဘဲ ပျော်ရွှင်စွာမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“မဲဆန္ဒရှင်တွေက စိုးရိမ်ကြောင့်ကြမှုမရှိဘဲနဲ့ ပျော်ပျော်ရွှင်နဲ့ မဲပေးနိုင်ဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ကျွန်တော်တို့ နိုင်ငံတကာ ကိုဗစ်ကာလမှာ ကျင်းပခဲ့တဲ့ စင်ကာပူတို့၊ ကိုရီးယားတို့ ဒါတွေကို နမူနာကြည့်ပြီးတော့ ကျွန်တော်တို့ ပြင်ဆင်ထားတာပေါ့။ မဲရုံတွေကအစ ကိုဗစ်ကာလအတွင်းမှာဆိုပြီးတော့ မဲရုံတွေကို ပိုပြီးတိုးချဲ့ထားတာ” ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၀၀၀၀ ကျော်တွင် မဲပေးနိုင်ရန် ပြင်ဆင်ထားသော်လည် COVID-19 ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရန်အတွက် မဲရုံအရေအတွက် ၁၀၀၀ ခန့်ကို ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent