တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 2 September 2020

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကာ ညီအရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်း (၇၀) ပြည့်မြောက်ပြီဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများ၊ ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi  Jinping  ၏ ခရီးစဉ်တွင် နှစ်ဖက်သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများအား ယခုတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်များ ဖလှယ်၍ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြားနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲအုပ်ချုပ်နေသည့် အဖွဲ့များအကြား အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများကိုလည်း ယခု တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည့်ပြည့်ဝဝပါဝင်လျှောက်လှမ်းရန် လိုအပ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စက်တင်ဘာ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ ပေးပို့ခဲ့သည့် အခြေအနေများ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ မြန်မာ့တပ်မတော်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ ပေးပို့ကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် အေးအတူပူအမျှဖြစ်သည့် အသိုက်အဝန်း ထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများအား ယခု တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ တက်ရောက်ခဲ့ကြသည်။

   

 

   

Most Read

Most Recent