တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး စတင်ဖြန့်ဝေသည့်အခါ မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး ၊ နှစ်နိုင်ငံစီမံကိန်းအကျိုးတူကိစ္စနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အပါအဝင် နှစ်နိုင်ငံကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိတို့ ဆွေးနွေး

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး စတင်ဖြန့်ဝေသည့်အခါ မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး ၊ နှစ်နိုင်ငံစီမံကိန်းအကျိုးတူကိစ္စနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အပါအဝင် နှစ်နိုင်ငံကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိတို့ ဆွေးနွေး
Photo: Eleven Media Group/Pool
Photo: Eleven Media Group/Pool
Published 1 September 2020

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး စတင်ဖြန့်ဝေသည့်အခါ မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး ၊ နှစ်နိုင်ငံစီမံကိန်းအကျိုးတူကိစ္စနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အပါအဝင် နှစ်နိုင်ငံကိစ္စရပ်များကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိအား စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲတွင် အထက်ပါကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက် မြှင့်တင်သွားရေး၊ တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါ ကာကွယ်ဆေး စတင် ဖြန့်ဝေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူစီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီ ပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင် ကိစ္စရပ်များကို ပူးတွဲတိုက်ဖျက်သွားရေး၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီပေးဆပ်မည့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ်သွားမည့်ကိစ္စ၊ COVID-19 ကပ်ရောဂါ ကာလအလွန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်ညှိနှိုင်းစီစဉ်သွားရေး၊ လူငယ်များ အပါအဝင် ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများ မြှင့်တင်ရန်အတွက် ယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အကျိုးတူပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များ ချမှတ်ရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေး ထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံသွားမည် ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်က ပြောကြားခဲ့ကြောင်း ဆက်လက် သိရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တစ်နိုင်ငံစနစ် နှစ်မျိုး မူဝါဒတို့ကို ဆက်လက်ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် အလှည့်ကျ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးနှင့် ဒေသတွင်း ကိစ္စရပ်များကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာသွားရေး၊ ၂၀၂၀-၂၀၂၂ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အလှည့်ကျ ပူးတွဲဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူစဉ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံ အပါအဝင် မဲခေါင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရေးနှင့် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စတို့နှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Most Read

Most Recent