COVID-19 ဒုတိယလှိုင်းနှင့် ရခိုင်ပြည်နယ် စားနပ်ရိက္ခာဖူလုံနိုင်ပါ့မလား

COVID-19 ဒုတိယလှိုင်းနှင့် ရခိုင်ပြည်နယ် စားနပ်ရိက္ခာဖူလုံနိုင်ပါ့မလား
ဆန်ပေးမည်၊ ငွေပေးမည်ဟု သတင်းမှားများ ထွက်ပေါ်ခဲ့ခြင်းကြောင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် လူစုလူဝေးဖြစ်ပေါ်စဉ်
ဆန်ပေးမည်၊ ငွေပေးမည်ဟု သတင်းမှားများ ထွက်ပေါ်ခဲ့ခြင်းကြောင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် လူစုလူဝေးဖြစ်ပေါ်စဉ်
Published 30 August 2020
ဇော်မင်းနိုင်

“ ရိက္ခာကတော့ ကျွန်မအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ရဲရဲကြီး ပြောနိုင်ပါတယ်။ ရိက္ခာမပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး” ဟု သြဂုတ် ၂၈ ရက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ စေတနာ့ဝန်ထမ်းတစ်ဦးနှင့် သြဂုတ် ၂၈ ရက်က အွန်လိုင်းဆွေးနွေးမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာမခံပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး လက်ရှိတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါက စတင်နှိပ်စက်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံရဲ့ COVID-19 ဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အစပြုလာပြီဟုဆိုရမည် ဖြစ်သည်။

စစ်တွေ မြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖျားနာလာသဖြင့် ဆေးခန်းပြရာမှ COVID-19 လက္ခဏာများ ပြသနေသဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များသို့လည်း ပိတ်ရက်ကာလအတွင်း သွားရောက်လည်ပတ်ခဲ့ခြင်းများရှိရာ ကူးစက်မှုမှာ မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည် ကိုခြေရာကောက်ရန်ခက်ခဲနေသည့် အခြေအနေတစ်ရပ်လည်း ဖြစ်သည်။

သြဂုတ် ၁၆ ရက်မှ အစပြုခဲ့သည့် COVID-19 ရောဂါကူးစက်မှုမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့့ရာမှ လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ပျံ့နှံ့ခဲ့ပြီး သြဂုတ် ၂၉ ရက် နံနက်အထိ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၂၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရောဂါပိုးအများဆုံးတွေ့ရှိခဲ့သည့်မြို့မှာ ရခိုင်ပြည်နယ်၏အဓိက မြို့တော်ဖြစ်သည့် စစ်တွေမြို့မှာပင် ဖြစ်ပြီး ရောဂါကူးစက်မှု၏ ဗဟိုချက်ဟုလည်း ဆိုရမည်ဖြစ်သည်။

အကြောင်းမှာ ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့်အပြင် အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်သဖြင့် လူအများစု သွားရောက်နေထိုင်သည့် မြို့ဖြစ်ပြီး လူသုံးသိန်းနီးပါးခန့် နေထိုင်လျက်ရှိသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်း၊ ၂၀၁ရခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မှာ နာလန်မထူနိုင်ခဲ့ပေ။ ယခင်ကလည်း အဆင်းရဲဆုံး ပြည်နယ်ဖြစ်ရာ ပဋိပက္ခများကြောင့် ပိုမိုကျပ်တည်းလာခဲ့သည်။

အပြင်းထန်ဆုံးမှာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့်ပင် ဖြစ်သည်။

“ လယ်လုပ်ဖို့ ဆိုတာထက် လယ်ထဲကိုတောင် မသွားရဲကြဘူး။ လယ်ထဲမှာက ထောင်ထားတဲ့မိုင်းနင်းမိပြီး ခြေပြတ်လက်ပြတ်ဖြစ်တာတွေမှ မနည်းတာကို။ မိုင်းအန္တရာယ်မရှိရင် ဘယ်ကပစ်မှန်းမသိတဲ့ ကျည်ဆန်ရန်က ရှိသေးတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

တိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်နယ်၏ စပါးကျီဒေသများဟု တင်စားနိုင်သည့် မြောက်ဦး၊ မင်းပြား စသည့် နေရာများတွင် လယ်ဧက နှစ်သောင်းကျော်မှာ စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ပေ။

“ မင်းပြားတို့၊ မြောက်ဦးတို့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ လယ်ဧကတွေ အများဆုံးပဲ။ ရခိုင်ပြည်မြောက်ပိုင်း ကုလားတန်မြစ်ဝှမ်းမှာပေါ့။ အဲဒီနေရာတွေက လယ်ယာထွက်ကုန်အများဆုံး ထွက်တဲ့နေရာတွေပေါ့။ အဲဒီမှာ စစ်ပွဲဖြစ်တော့ လယ်ထွန်လို့လည်း မရဘူးဗျ။ ဒီမိုးကုန်ရင် စပါးကလုံလုံလောက်လောက် မထွက်နိုင်တော့ဘူးလို့ ထင်တယ်” ဟု ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်၏ အခြားဒေသများဖြစ်သည့် ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်များမှာ ရခိုင်ရိုးမနှင့် ဆက်နေခြင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်နေခြင်းတို့ကြောင့် လယ်ဧက များစွာမရှိပေ။

“ အဲဒီဘက်ကထွက်တဲ့ လယ်ယာထွက်ကုန်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူဦးရေသုံးသန်းလောက်ကို ဘယ်လိုမှ မလောက်ဘူး” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

အတောမသတ်သေးသည့် စစ်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများလည်း ရှိနေပြီး ယင်းစစ်ဘေးရှောင်စခန်းများအတွက် လုံလောက်သည့်ထောက်ပံ့မှု မရှိခဲ့ပေ။ COVID-19 စိန်ခေါ်မှု  မတိုင်မီကာလတွင် စစ်ဘေးရှောင်စခန်းများအတွက် အဓိကထောက်ပံ့နေသည့် အဖွဲ့အစည်းများမှာ ပြည်ပမှ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သည်။

“ အဓိက ထောက်ပံ့တာ ICRC ပေါ့။ စစ်ဘေးရှောင်စခန်းတွေကို တလတစ်ခါထောက်ပံ့မှုတွေ ရှိတယ်။ လူကယ်ပြန်က နှစ်လမှ တစ်ခါလောက်ပဲ ထောက်ပံ့နိုင်တာ” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ယခု COVID-19 စတင်ဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ရခိုင်လူမှု အဖွဲ့အစည်းများအကြား အစိုးရိမ်ဆုံးပြဿနာမှာ စစ်ဘေးရှောင်စခန်းများတွင် ရောဂါကူးစက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

“ စခန်းတွေမှာက Social Distancing ဆိုတာ မပြောနဲ့ စခန်းထဲမှာ နေရတာတောင် လူကထပ်နေလို့ အပြင်မှာ ထွက်နေရတာတွေ အများကြီးပဲ” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

စစ်ဘေးရှောင်စခန်းတစ်ခုလျှင် အနည်းဆုံး လူဦးရေရာနှင့်ချီ ရှိနေပြီး အချို့စခန်းများမှာ လူ ထောင်ချီ နေထိုင်လျက်ရှိသည်။

“မြောက်ဦးမှာဆိုရင် စခန်းက ၄၀ ကျော်လောက်ရှိတယ်။ စစ်တွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေပါ ပါရင် ၂၂ နေရာလောက်ရှိတယ်။ ပြီးတော့ ရသေ့တောင်မှာရှိတယ်။ ကျောက်တော်မှာလည်းရှိတယ်။ ရခိုင်ပြည်နယ်က မြို့တော်တော်များများမှာ ရှိတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ယင်းသို့ အခြေအနေတွင် COVID-19 ကူးစက်ခံရသူများတွင် စစ်ဘေးရှောင်စခန်းများတွင် အကူအညီပေးနေသည့် INGOs တစ်ခုဖြစ်သည့် Relief International မှ ဝန်ထမ်းသုံးဦးမှာ စျေးဦးပေါက် ကူးစက်ခံခဲ့ရသည်။ ယင်းဝန်ထမ်းသုံးဦးမှာ လွန်ခဲ့သည့်နှစ်ပတ်တာကာလအတွင်း ရခိုင်ပြည်နယ်ပြင်ပနှင့် ပြည်ပခရီးစဉ်များ သွားရောက်ခဲ့ခြင်း မရှိသော်လည်း မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းလေးခုသို့ သွားရောက်ခဲ့သည်။ ယင်းသို့ကျန်းမာရေး ဝန်ထမ်းသုံးဦး ရောဂါကူးစက်ခံရခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရုံးခွဲများကို သြဂုတ် ၁၉ ရက်မှ စတင်ကာ ပိတ်သိမ်းထားပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း ယာယီရပ်တန့်ထားကြောင်း RI သတင်းထုတ်ပြန်သည်။ နောက်ထပ်နှစ်ရက်ခန့်အကြာတွင် ယင်း INGOs မှ မြေပုံမြို့နယ်ရှိ ရုံးခွဲမှ ဝန်ထမ်း ငါးဦးမှာ ထပ်မံကူးစက်ခံခဲ့ရပြန်သည်။ ၎င်းတို့မှာလည်း ရခိုင်ပြည်နယ်ပြင်ပသို့ သွားရောက်ခဲ့ခြင်းမရှိသော်လည်း စစ်တွေမြို့သို့ သွားရောက်ခဲ့သူများဖြစ်သည်ဟု IR မှ ထပ်မံထုတ်ပြန်ခဲ့သည်။ ယင်းသို့ကူးစက်မှုကြောင့် လက်ရှိတွင် စစ်ဘေးရှောင်စခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့မှုများ ရပ်ဆိုင်းသွားမည်ကို ရခိုင်ရှိလူမှုအဖွဲ့အစည်းများက စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် UN ကမူ ရခိုင်ပြည်နယ်တွင် ကူညီထောက်ပံ့မှုများကို ဆက်လက်ပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဘုံရန်သူမှာ COVID-19 သာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

COVID-19 မတိုင်မီကတည်းက လုံလောက်သည့် ထောက်ပံ့မှုမရရှိခဲ့သည့် အခြေအနေတွင် COVID-19 ကူးစက်မှု ဖြစ်လာသည့်အချိန်တွင် စားနပ်ရိက္ခာလုံလောက်မည်လားဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်သည့် ကုန်တင်ယာဉ်များ ဝင်ရောက်မှု ကန့်သတ်ထားခြင်း၊ စစ်တွေသို့ လာရောက်ခြင်းမရှိသည့် ကုန်တင်ယာဉ်များကြောင့် ကုန်စျေးနှုန်း မြင့်တက်လာသည့် အခြေအနေများ ရှိလာပြီဖြစ်သည်။

“ အရင်က ချင်းဆိုရင် ၁၅၀၀၊ ၂၀၀၀ လောက်ပဲရှိတာက ဒီနေ့ဆိုရင် သုံးထောင်လေးထောင်ဖြစ်လာပြီ။ တခြားသီးနှံတွေလည်း စျေးတက်လာတယ်။ ဒီမှာက စပါးစိုက်ဖို့မပြောနဲ့ အသီးအနှံတောင်စိုက်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ မိုင်းဒဏ်ကလည်း ကြောက်ရ၊ ကျည်ဆန်ကလည်း ကြောက်ရတဲ့အခြေအနေ။ အခု COVID နဲ့ဆိုတော့ ပိုဆိုးကုန်တာပေါ့” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ကုန်ပစ္စည်းရှိသည့် စျေးဆိုင်များမှာလည်း လက်ထဲရှိကုန်ပစ္စည်းများကို ထုတ်မရောင်းရဲသည့် အခြေအနေပင်ဖြစ်သည်။

“ ကိုယ့်မှာရှိပေမယ့် မရောင်းရဲဘူး။ စျေးဘယ်လောက်ပေးပေး။ ဘာလို့ဆိုတော့ ကိုယ်ကထုတ်ရောင်းပေမဲ့ မရှိတဲ့သူတွေက မဝယ်နိုင်တော့ လုတာယက်တာတွေ ဖြစ်လာနိုင်တယ်” ဟု စစ်တွေမြို့ပေါ်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်သို့ ဝင်ရောက်သည့် ကုန်တင်ယာဉ်များကို အဝင်မခံသဖြင့် ကျောက်ဖြူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘဖြူနှင့် ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့က သမ္မတရုံးဝန်ကြီးဌာနသို့ သွားရောက်ကာ တင်ပြခဲ့သည်။

“ အသီးအနှံတွေတောင်မှ ရန်ကုန်ကလာမှ စားရတာ။ အများအားဖြင့်က ကုန်တင်ကားတွေနဲ့လာကြတယ်။ နောက်တစ်ခါ အခုချိန်မှာက Mask တွေက အရေးကြီးနေတယ်။ ပြီးတော့ COVID-19 အကာအကွယ် ပစ္စည်းတွေကလည်း ပိုပြီးအရေးကြီးနေတာပေါ့။ အဲဒီအတွက်ကြောင့် လေယာဉ်ကလည်း မထွက်ဘူးလေ။ အဲဒီတော့ ဒေသခံတွေက ဖုန်းဆက်လာကြတယ်။ ကုန်ကားတွေ ပိတ်တယ်။ အခက်အခဲတွေ ဖြစ်တယ်ဆိုတာကို ပြောပြတယ်။ အဲဒါကြောင့် သမ္မတရုံးဒုဝန်ကြီးကို သွားတွေ့ပြီး စီစဉ်ပေးဖို့ ပြောထားတာ” ဟု ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံအပြီးတစ်ရက်အကြာတွင် အမိန့်တစ်ခုထုတ်ပြန်ခဲ့သော်လည်း ကုန်တင်ယာဉ်များမှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိမလာသေးပေ။

“ စာထုတ်လိုက်တဲ့အခါကျတော့ ဥပမာ- ကုန်တင်ကားက အမ်းအထိသွားမယ်။ အမ်းမှာတစ်ခါ နောက်တစ်ယောက် ဒရိုင်ဘာက ထပ်မောင်းရမယ်ဆိုတဲ့ သဘောတွေ့ရတယ်။ အဲဒီလိုကျတော့ ကုန်ကားပိုင်ရှင်တွေကလည်း ဒါမဖြစ်နိုင်ဘူး အခက်အခဲရှိတယ်ဆိုပြီး ပြောတာတွေရှိတယ်။ သူတို့မှာက မောင်းတဲ့သူကို သီးသန့်ခေါ်ထားရတာ။ ကားအတွက်က စိတ်ချရတဲ့သူကိုပဲ မောင်းခိုင်းရတာ။ အခုလို စာထွက်လာတော့ သူတို့အတွက် အဆင်မပြေတော့ဘူးဆိုတာတွေ ဖြစ်လာတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

စိန်ခေါ်မှုများရှိနေသည့် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှုများမှာ လက်ရှိအချိန်အထိ အဆင်ပြေချောမွေ့သည့် အခြေအနေသို့ ရောက်ရှိမလာသေးပေ။

အဆင်းရဲဆုံးပြည်နယ်တစ်ခုတွင် စားသောက်ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာသည့်အချိန်၌ ကနဦးရိုက်ခတ်ခံရမည်မှာ လက်လုပ်လက်စားများပင် ဖြစ်သည်။ ယခင်ကာလကတည်းက စီးပွားရေးမကောင်းသည့်အပြင် တိုက်ပွဲများ၏ နှိပ်စက်မှုဒဏ်ကြောင့် နေ့စဉ်ဝင်ငွေ နည်းသည့် ရခိုင်ပြည်သူများအတွက် ကြီးမားသည့် အခက်အခဲဟု ဆိုရမည်ဖြစ်သည်။ COVID-19 ကူးစက်ခံရမှုမှာလည်း တရိပ်ရိပ်မြင့်တက်လာသဖြင့် အစိုးရက ရခိုင်ပြည်နယ်တွင် Stay at Home အစီအစဉ်ကို ထုတ်ပြန်ထားသဖြင့် အခက်အခဲမှာ ပိုမိုကြီးမားလာပြီဟုဆိုရမည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ ရခိုင်ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် မပြတ်လပ်စေရဟု အာမခံထားရာ ယင်းသို့လုပ်ဆောင်ပေးနိုင်ရန် စိန်ခေါ်မှုများလည်းရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ကျပ် ၁၆ ဒသမ ၇ ဘီလျံ သုံးစွဲထားသည်။

လတ်တလောရန်ပုံငွေမှာ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြည်နယ်အစိုးရအနေဖြင့် ရန်ပုံငွေ ကျပ် ၈၅ ဒသမ ၅ သန်း ရရှိထားပြီး ထပ်မံ၍ အရေးပေါ်ရန်ပုံငွေမှ ကျပ် တစ်ဘီလျံသုံးစွဲခွင့်ပြုရန် တောင်းခံထားသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားထားသည်။ စစ်ဒဏ်နှင့် ပဋိပက္ခဒဏ်များကို ခံစားထားရသည့် ရခိုင်ပြည်နယ်မှာ လက်ရှိတွင် COVID-19 နှိပ်စက်မှုဒဏ်ကို စတင်ခံစားနေရပြီ ဖြစ်သည်။

“ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာတောင် ဒီမှာရှိတဲ့သူတွေကို လုံလောက်အောင် ထောက်ပံ့မှုမပေးနိုင်တဲ့ အခြေအနေဖြစ်နေတာ။ COVID ဖြစ်နေတော့ ပိုဆိုးနေပြီ။ အကုန်လုံး ဆုံးရှုံးနေရပြီ။ တိုတိုတုတ်တုတ်ဖြေရရင် စားနပ်ရိက္ခာအခက်အခဲက ဖြစ်ကိုဖြစ်မယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

Most Read

Most Recent