NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုသည် ချမှတ်ထားသည့်မူအတိုင်းသာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးတွင် အစ္စလာမ်ဘာသာဝင် နှစ်ဦးတည်းသာ ပါခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲတွင် ဘာသာခြားမပါရဟု မရှိကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
NLD ပါတီကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူသည် အစ္စလာမ်ဘာသာဝင်ဖြစ်ခြင်း၊ စဥ့်ကိုင်မြို့နယ်ဇာတိမဟုတ်ခြင်း၊ ဘွဲ့မရရှိခြင်း စသည်တို့ကြောင့် အစားထိုးပြန်လည်ရွေးချယ်ပေးရန်ဟုဆိုကာ သံဃာအပါး ၂၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၀ ကျော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ထံ လက်မှတ်ထိုးတောင်းဆိုထားကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့မူဝါဒအရ သေချာရွေးတာပါ။ ၁၁၄၃ ဦးထဲမှာမှ နှစ်ဦးတည်းပါတာလေ။ ဒါပေမဲ့ နိုင်ငံတကာက မဝေဖန်ဘူးဗျ။ နိုင်ငံတကာက ကြိုဆိုတယ်။ ဘယ်သူတွေ ဝေဖန်နေလဲ။ ရွေးကောက်ပွဲမှာ မဲပေးဖို့ အရည်အချင်း မပြည့်သူတွေလည်းရှိတယ်။ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားတဲ့သူဖြစ်ရမယ်ဆိုတာတော့ ကျွန်တော်တို့မှာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရမယ့် အရည်အချင်းနဲ့လည်းပြည့်တယ်။ ကျွန်တော်တို့ မူနဲ့လည်းကိုက်လို့ ရွေးလိုက်တာပါ” ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေး ချယ်ရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ချမှတ်ထားသည့်မူဝါဒ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူဖြစ်ခြင်းနှင့် အဖွဲ့ဝင်ဖြစ်ရမည်ဟူသော အဓိက အချက်နှစ်ချက်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ မဲဆန္ဒနယ်တွင်ပါဝင်သည့် ပြည်သူလူထု၏ ယုံကြည်ရမည့်သူဖြစ်ခြင်း၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှစတင်ကာ NLD နှင့် ပါဝင်ယှဉ်ပြိုင်ခဲ့သူမဖြစ်ရခြင်း၊ လူငယ်အမျိုးသမီး ဦးစားပေးရမည်ဖြစ်ခြင်း စသည့်အချက်များဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
“၂၀၁၅ ခုနှစ်က ဟုတ်တယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ထဲမှာ အစ္စလာမ်မပါခဲ့ဘူး။ ဒီတစ်ခေါက်ကတော့ ဘာဖြစ်လာလဲဆိုတော့ နိုင်ငံတကာရွေးကောက်ပွဲတွေမှာ ဘာသာခြားတွေမပါရဘူးဆိုတာ မရှိဘူးလေ။ ပြည်နယ်တွေမှာ ခရစ်ယာန်တွေရှိပါတယ်။ ၂၀၁၅ မှာ ကျွန်တော်တို့ အစ္စလာမ်မပါခဲ့ဘူး။ အခုတစ်ခေါက် အစ္စလာမ်တွေ ဘယ်လိုလုပ်မလဲ။ လျှောက်လာရင် ကျွန်တော်တို့ ဘယ်သူမှမတားဘူး လျှောက်။ အရည်အချင်းပြည့်ဝတယ်ဆိုရင် ရွေးမယ်ဆိုတဲ့မူကိုချလိုက်တယ်။ ဒါပေမဲ့ အရေအတွက်ကတော့ ရန်ကုန်တစ်ယောက်၊ မန္တလေးတစ်ယောက် ပါသွားတယ်။ ကျွန်တော်တို့မူအတိုင်းပဲ ကျွန်တော်တို့ ရွေးလိုက်တာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
NLD ပါတီမှ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နှင့် မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြတို့မှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။