ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါ်ယူမှုအပေါ် ဝန်ကြီး ချုပ်ဘက်မှ ကိုယ်စားလှယ်သာလာရောက်ပြီး စစ်ဆေးရေးအဖွဲ့ဝင်များ ချိန်းပေးရန်နှင့် လူမစုံသည့်အကြောင်းပြချက်များဖြင့် တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ဘဲ  အဖွဲ့၏တာဝန်လည်း ပြီးဆုံးပြီဖြစ်၍ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါ်ယူမှုအပေါ် ဝန်ကြီး ချုပ်ဘက်မှ ကိုယ်စားလှယ်သာလာရောက်ပြီး စစ်ဆေးရေးအဖွဲ့ဝင်များ ချိန်းပေးရန်နှင့် လူမစုံသည့်အကြောင်းပြချက်များဖြင့် တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ဘဲ  အဖွဲ့၏တာဝန်လည်း ပြီးဆုံးပြီဖြစ်၍ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
သြဂုတ် ၂၅ ရက်က ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ခေါ်ယူမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးနှင့်အဖွဲ့အား တွေ့ရစဉ်
သြဂုတ် ၂၅ ရက်က ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ခေါ်ယူမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးနှင့်အဖွဲ့အား တွေ့ရစဉ်
Published 27 August 2020
မခိုင် (လွိုင်ကော်)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါ်ယူမှုအပေါ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးအံ့မော်သာလာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် အဖွဲ့ဝင်များချိန်းပေးရန် တောင်းဆိုခြင်းပြု လုပ်ခဲ့ကာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့၏တာဝန်လည်း ပြီးဆုံးပြီဖြစ်သဖြင့် အစီရင်ခံစာတင်မည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သက်တမ်းသည်  (သြဂုတ် ၂၈ ရက်) တွင် ပြည့်ပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ယနေ့၌ပင် လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့စစ်ဆေးရေးအဖွဲ့က လေးကြိမ်စစ်ပြီးပြီးဆိုတော့ ကျွန်တော်တို့ တာဝန်က ပြီးပါပြီ။ ကျွန်တော်တို့ အခု အစီရင်ခံစာရေးနေပါတယ်။ စစ်ပြီးပြီဆိုတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးသက်တမ်းက သြဂုတ် ၂၈ ရက်ဆို ပြည့်ပြီဆိုတော့ မနက်ဖန် ၂၈ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌဆီကို အစီရင်ခံစာတင်ရပါမယ်။ ကျွန်တော်တို့က ဆုံးဖြတ်ပေးရတဲ့အဖွဲ့မဟုတ်ပါဘူး။ လွှတ်တော်က ဥပဒေနဲ့အညီ ဆက်လုပ်သွားမှာပါ” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆင့်ခေါ်ထားမှုကို သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးအား ကိုယ်စားစေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံသည့်အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့ရုံးအတွင်းရေးမှူးက ဖြေဆိုခြင်းမရှိဘဲ ညနေပိုင်း ထပ်မံဆင့်ခေါ်ရာတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရေးမှူးကိုသာ ကိုယ်စားစေလွှတ်ခဲ့ပြီး လူမစုံသည့်အကြောင်းပြ ချက်သာပေးခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေအဖွဲ့တွင် ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ခိုင်စိုးမှာ တပ်ပိုင်းဆိုင်ရာကိစ္စဖြင့် အရေးပေါ်ယာယီတာဝန်သွားရောက်ရန်အတွက် အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းအား ပယ်ဖျက်၍ သင့်လျော်သည့် ကိုယ်စားလှယ် အစားထိုးဖွဲ့စည်းရန် တင်ပြခဲ့သောကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ငါးဦးတွင် လေးဦးသာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့မှ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတဲ့အခါမှာ ပထမတုန်းကတော့ ငါးဦးနဲ့ဖွဲ့တာပေါ့နော်။ ဒီကြားထဲမှာ တပ်မတော်သားကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှုးအောင်ခိုင်စိုးကတော့ သူအထက်ရဲ့တာဝန်ပေးချက်အရ အလုပ်ကိစ္စရှိလို့ တခြားနေရာ တာဝန်ထမ်းဆောင်တာ တစ်ရက်နှစ်ရက်ရှိပြီပေါ့။ နောက်တစ်ခုက ဘာလဲဆိုတော့ နုတ်ထွက်စာတင်တာက ဥပဒေမှာ နုတ်ထွက်ခွင့်ရှိတယ် မရှိဘူးဆိုတာလည်း တိတိကျကျ ဖော်ပြထားတာလည်း မရှိဘူးပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒါဥပဒေမှာ နုတ်ထွက်ခွင့်ပြုရမယ် မပြုရဘူးဆိုတာ မပါတဲ့အတွက်ပေါ့နော်။ ဒါက ခွင့်မပြုနိုင်ဘူးဆိုပြီးတော့မှ ဗိုလ်မှူးကို ပြန်ပြီးတော့မှ စာပြန်ထွက်တာပေါ့။ ဗိုလ်မှုးကလည်း ပြန်ပါလာတာပေါ့လေ။ ဒါဥပဒေကြောင်းအရပဲ သူပြန်ပါလာတာဖြစ်တယ်” ဟု စုံစမ်း စစ်ဆေးရေအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က ပြောကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှာ ပြန်လည်ပါဝင်လာသဖြင့် သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ဝန်ကြီးချုပ်အား စစ်ဆေးရေးအဖွဲ့က ထပ်မံခေါ်ယူခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးသာ လာရောက်ခဲ့ပြီး ထိုသို့လာရောက်ရာတွင်လည်း ယခင်နေ့ကဲ့သို့ ကိုယ်စားလှယ်လွှဲစာရယူခဲ့ခြင်းမရှိသဖြင့် သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းသို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ချိန်းဆိုမှုအား မွန်းလွဲပိုင်း၌ ပြန်လည်လာရောက်ချိန်တွင်လည်း ဝန်ကြီးချုပ်၏ ကိုယ်စားလှယ်လွှဲစာမပါဝင်ဘဲ ယခင်ရက် လွှဲစာများအရ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ၎င်းကိုယ်၎င်းတာဝန်ယူကြောင်း ပြောကြားလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် စစ်ဆေးမေးမြန်းချိန်၌ စွပ်စွဲပြစ်တင်သည့် အကြောင်းအရာများကို ဖြေရှင်းချက်ပေးရန် မေးမြန်းရာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၌ပါဝင်သည့် ငါးဦးအနက် သုံးဦးမှာ စွပ်စွဲပြစ်တင်သူများဖြစ်သဖြင့် လူစားလဲပေးရန်ကိစ္စကိုသာ ပြောကြားခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်က ဆိုသည်။

“ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းနဲ့ သူဖြေတဲ့ဟာက တလွဲဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ကို လာပြီးတော့မှ ဖြေကြားပေးတဲ့အကြောင်းအရာက ဘာလဲဆိုရင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပြစ်တင်စွပ်စွဲတဲ့ ငါးဦးထဲက သုံးယောက်ပါနေတဲ့အတွက် ဒါတရားမဝင်ဘူး လူလဲပေးပါ။ လူချိန်းပြီးမှ သူတို့အနေနဲ့ ဖြေကြားပေးမယ် ကျွန်တော်တို့ကို လာပြောတယ်။ ကျွန်တော်တို့ လက်ရှိစုံစမ်းစစ် ဆေးရေးအဖွဲ့ကို ကိုယ့်ဘာသာ ဖွဲ့နေတာ မဟုတ်ဘူး။ လွှတ်တော်ဥက္ကဋ္ဌက ဥပဒေနဲ့အညီ ဖွဲ့ပေးတဲ့ အဖွဲ့တစ်ခုဖြစ်တာပေါ့နော်။ တကယ်လို့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လူချိန်းချင်တယ်ဆိုရင်လည်း ဒါ ဥက္ကဋ္ဌကို စာတင်ပါလို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ဝန်ကြီးချုပ်ကနေ လွှတ်တော်ဥက္ကဋ္ဌဆီ စာပို့ပြီးသား ဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒါဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့အတွက် သူက ပြောင်းလဲဖွဲ့စည်းပေးလို့ မရဘူး။ အကြောင်းကြားပေးတဲ့ စာတွေရှိခဲ့ပြီးဖြစ်တယ်။ ဒီရက်မှာလည်း ဒါပဲထပ်ကာတလဲလဲ လာပြောတဲ့အခါကျတော့ ကျွန်တော်တို့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ပြီးတော့မှ အတွင်းရေးမှူးအနေနဲ့ရော၊ ရှေ့နေအနေနဲ့ရော ဒီလိုပြောကြားသွားတဲ့အပေါ်မှာ ဘာကြောင့်ပြောရတာလဲ ထပ်ပြီးမေးခွန်းမေးပါတယ်။ ဝန်ကြီးချုပ်ကနေပြီးမှ နှုတ်နဲ့တကယ်လို့ သူတို့စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမချိန်းပေးရင် မဖြေကြားပါနဲ့ဆိုပြီး နှုတ်နဲ့မှာကြားပါတယ်ဆိုပြီးမှ အတွင်းရေးမှူးက ဒီလိုပြောတာပေါ့” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်က ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ စစ်ဆေးခြင်းသည် လွှတ်တော်ဥပဒေနှင့် ကိုက်ညီမှုမရှိသောကြောင့် စစ်ဆေးမခံနိုင်ကြောင်း သြဂုတ် ၂၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စာဖြင့် လွှတ်တော်သို့တင်ပြခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ပြစ်တင်စွပ်စွဲရခြင်းမှာ လွှတ်တော်၌ပြဋ္ဌာန်းထားသော ဥပဒေအရသာ စွပ်စွဲပြစ်တင်ခြင်းဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်၊ အတွင်းရေးမှူးအဖြစ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်များအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးစိုးရယ်၊ ဦးရန်နိုင်ဆွေနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင်ခိုင်စိုးတို့ပါဝင်သည်။

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီး လုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင် မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရား ငှားရမ်းခငွေများကို သီးခြားရန်ပုံငွေ ထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ် ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက် တစ်ဦးက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ နုတ်ထွက်ကြောင်း ကယား ပြည်နယ်လွှတ်တော်သို့ စာပြန်လည်ပေးပို့ ထားသည်။

ကယားပြည်နယ်လွှတ်တော် အစည်းအဝေးကို စက်တင်ဘာ ၁ ရက်တွင် စတင်ပြုလုပ် မည်ဖြစ်သည်။