ဘာစီလိုနာအသင်းမှထွက်ခွာရန် မက်ဆီ တောင်းဆိုခဲ့ပြီးနောက် ဥက္ကဋ္ဌ ဘာတိုမူအား ရာထူးမှနုတ်ထွက်ရန် အသင်းပရိသတ်များ တောင်းဆို

ဘာစီလိုနာအသင်းမှထွက်ခွာရန် မက်ဆီ တောင်းဆိုခဲ့ပြီးနောက် ဥက္ကဋ္ဌ ဘာတိုမူအား ရာထူးမှနုတ်ထွက်ရန် အသင်းပရိသတ်များ တောင်းဆို
Published 27 August 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် အသင်းမှထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဘာစီလိုနာပရိသတ်များသည် အသင်းဥက္ကဋ္ဌ ဘာတိုမူအား ရာထူးမှနုတ်ထွက်ရန် တောင်း ဆိုခဲ့ကြကြောင်း သိရသည်။

ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် မက်ဆီ၏လက်ရှိစာချုပ်မှာ ၂၀၂၁ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မက်ဆီသည် ယင်းစာချုပ်ကို ဖျက်သိမ်း၍ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေးရန် အသင်းထံ Fax ပို့ကာ တောင်းဆိုခဲ့ကြောင်း သြဂုတ်(၂၅) ရက် ညနေပိုင်းတွင် ဥရောပမီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် ဘာစီလိုနာအသင်းပရိသတ်များသည် အသင်းအိမ်ကွင်းဖြစ်သည့် နူးကမ့်ကွင်းအနီးတွင် စုဝေးခဲ့ကြပြီး ယင်းထဲမှ အချို့ပရိသတ်များမှာ မက်ဆီ၏ အမည်နှင့် ကျောနံပါတ်ပါ ဘာစီလိုနာဂျာစီများကို ဝတ်ဆင်ထားကြောင်း သိရသည်။

ထို့နောက် ဘာစီလိုနာအသင်းပရိသတ်များသည် မက်ဆီကို အသင်းတွင်ဆက်နေရန်နှင့် အသင်းဥက္ကဋ္ဌ ဘာတိုမူကို ရာထူးမှနုတ်ထွက်ရန် သြဂုတ် (၂၅)ရက်နှင့် (၂၆)ရက်များတွင် (၂)ရက်ဆက်တိုက် အော်ဟစ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း Marca က ဖော်ပြခဲ့သည်။

မက်ဆီအနေဖြင့် အသင်းမှထွက်ခွာခွင့် တောင်းထားသော်လည်း မိမိတို့အနေဖြင့် မက်ဆီကို အသင်းတွင် ဆက်ရှိနေရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သြဂုတ် (၂၆)ရက်က ပြုလုပ်ခဲ့သည့် ကစားသမားသစ် ထရင်ချာအို မိတ်ဆက်ပွဲတွင် ဘာစီလိုနာအသင်းအားကစားဒါရိုက်တာသစ် ရာမွန်ပလိန်းစ်က ပြောကြားခဲ့သည်။

၎င်းက ''ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာနဲ့ မက်ဆီအတွက် အကောင်းဆုံးအဖြေကို ရှာဖွေသွားဖို့ ကြိုးစားနေပါတယ်။ ရော်နယ်လ်ကိုးမန်း(အသင်းနည်းပြ)နဲ့ ဘာတိုမူ (အသင်းဥက္ကဋ္ဌ)တို့ ပြောခဲ့သလိုပါပဲ။ မက်ဆီဟာ အသင်း ရဲ့အနာဂတ်မှာ အဓိကနေရာက ပါဝင်နေသူပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာအသင်းကို ကမ္ဘာပေါ်မှာ အရေးကြီးဆုံးကစားသမား မက်ဆီကို အခြေပြုပြီးတည်ဆောက်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းကလပ်များစွာက စိတ်ဝင်စားနေကြပြီး မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent