၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ်ဘီလျံ ၃၄၀၀၀ ကျော်အနက် ကျပ်ဘီလျံ ၅၂၀ ကျော်ကို စိစစ်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ်ဘီလျံ ၃၄၀၀၀ ကျော်အနက် ကျပ်ဘီလျံ ၅၂၀ ကျော်ကို စိစစ်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော် အတည်ပြု
သြဂုတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
သြဂုတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 26 August 2020
အောင်မင်းသိန်း

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြ တောင်းခံမှု ကျပ်ဘီလျံ ၃၄၀၀၀ ကျော်အနက် ကျပ်ဘီလျံ ၅၂၀ ကျော်ကို စိစစ်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

သြဂုတ် ၂၆ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများက တင်ပြတောင်းခံထားသည့် လျာထားချက်များတွင် သာမန်အသုံးစရိတ်တွင် ကျပ်ဘီလျံ ၁၈၇၈၃ ကျော်၊ အရေးပေါ် ရန်ပုံငွေ ကျပ်ဘီလျံ ၁၅၀၊ အတိုးပေးငွေ ကျပ်ဘီလျံ ၂၃၄၉ ကျော်၊ ထောက်ပံ့ငွေ ကျပ်ဘီလျံ ၄၂၉၉ ကျော်၊ ငွေလုံးငွေရင်း သုံးငွေ ကျပ်ဘီလျံ ၇၈၈၉ ကျော်၊ ကြွေးမြီအသုံးစရိတ် ကျပ်ဘီလျံ ၁၁၅၀ ကျော်နှင့် အဖွဲ့အစည်းများတွင် ရင်းနှီးငွေ ကျပ်ဘီလျံ ၂၈ ကျော်၊ စုစုပေါင်း ကျပ်ဘီလျံ ၃၄၆၅၂ ကျော် လျာထားတောင်းခံထားသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် တင်ပြထားသည့် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ အသုံးစရိတ်များထဲမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၃၉၄ ဒသမ ၁၉၈ ဘီလျံမှ ကျပ် ၃၂၆ ဒသမ ၄ ဘီလျံကို လျှော့၍ ခွင့်ပြုရန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းသုံးငွေ ၂၉၅ ဒသမ ၄၂၇ ဘီလျံမှ ကျပ် ၄၅ ဘီလျံကျော်ကို လျှော့၍ခွင့်ပြုရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း သုံးငွေ ကျပ် ၅၂၁ ဒသမ ၁၁၇ ဘီလျံမှ ကျပ် ၃၃ ဒသမ ၉၈၃ ဘီလျံကို လျှော့၍ ခွင့်ပြုရန် စသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုပြုတင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ အသီးသီးက လျာထားတင်ပြထားသည့် တင်ပြချက်ထဲမှချက်များထဲမှ သာမန်အသုံးစရိတ်တွင် ကျပ် ၂၇ ဘီလျံကျော်၊ ထောက်ပံ့ငွေတွင် ကျပ်သန်း ၅၀၀ ကျော်နှင့် ငွေလုံးငွေရင်း သုံးငွေတွင် ကျပ်ဘီလျံ ၄၉၀ ကျော်၊ စုစုပေါင်း စိစစ်လျှော့ချမှုအဖြစ် ကျပ်ဘီလျံ ၅၂၀ ကို လျှော့ချထားကြောင်း သိရသည်။

“၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ ပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ၁၃ - ၇ - ၂၀၂၀ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးတော့ ဥပဒေကြမ်း ပူးပေါင်းကော်တီက ဥပဒေဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာကိုလည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာကိုလည်းကောင်း ၅-၈-၂၀၂၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက ၁၉-၈-၂၀၂၀ ရက်နေ့တွင် မူနှင့်အခြေခံ သဘောအပါအဝင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများနှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးခဲ့ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီတို့၏ အစီရင်ခံစာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွးခဲ့သလို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှလည်း သြဂုတ်၂၁ ရက်က ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင်လည်း တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းနှင့် အတည်ပြုဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥဒေ ၉၁၊ နည်းဥပဒေခွဲ(က)နှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် နာယကကြီးမှတစ်ဆင့် လေးစားစွာ တင်သွင်းအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ခဲ့သည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းကြောင့် လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။