၂၀၂၁ ဆီးဂိမ်းစ်အတွက် ပြိုင်ပွဲဝင်နိုင်ငံများတောင်းဆိုထားသည့် အားကစားနည်းများကို နိုဝင်ဘာတွင်ပြုလုပ်မည့် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်မည်

၂၀၂၁ ဆီးဂိမ်းစ်အတွက် ပြိုင်ပွဲဝင်နိုင်ငံများတောင်းဆိုထားသည့် အားကစားနည်းများကို နိုဝင်ဘာတွင်ပြုလုပ်မည့် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်မည်
Photo: EMG
Photo: EMG
Published 23 August 2020

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ပြိုင်ပွဲဝင်နိုင်ငံများ အဆိုပြုထားသည့် အားကစားနည်းများကို ပြန်လည်ဆွေးနွေး၍ ထည့်သွင်းကျင်းပခြင်းရှိမရှိ ဆုံးဖြတ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ခြင်းလုံး၊ ရိုးရာလှေနှင့် ဟော်ကီအား ကစားနည်းများ ထည့်သွင်းကျင်းပရန် တောင်းဆိုထားပြီး အင်ဒိုနီးရှားနိုင်ငံကမူ သုံးမျိုးစုံ၊ ESport၊ ဘိုးလင်း၊ Sambo အပါအဝင်  အားကစားနည်း ခြောက်မျိုး အဆိုပြုထားကြောင်း သိရသည်။

 

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ၃၁ ကြိမ်မြောက်ကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နိုင်ငံများက တောင်းဆိုထားသည့် အားကစားနည်းများကို နိုဝင်ဘာတွင်ကျင်းပမည့် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ 

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ဇူလိုင်လအတွင်းပြုလုပ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပထမဆုံးအစည်းအဝေးတွင် ထည့်သွင်းကျင်းပမည့်အားကစားနည်းများကို ပဏာမအဆင့် ထုတ်ပြန်ခဲ့ပြီး အခြားအရှေ့ တောင်အာရှ ၁၀ နိုင်ငံကလည်း ထည့်သွင်းကျင်းပလိုသည့် အားကစား နည်းများကို ပြန်လည်အဆိုပြုထားသည်။ ဗီယက်နမ်အိုလံပစ်ကော်မတီသည် ပြိုင်ပွဲဝင်နိုင်ငံများ အဆိုပြုထားသည့် အားကစားနည်းများကို ပြန်လည်ဆွေးနွေး၍ ထည့်သွင်းကျင်းပခြင်းရှိမရှိ ဆုံးဖြတ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ခြင်းလုံး၊ ရိုးရာလှေနှင့် ဟော်ကီအား ကစားနည်းများ ထည့်သွင်းကျင်းပရန် တောင်းဆိုထားပြီး အင်ဒိုနီးရှားနိုင်ငံကမူ သုံးမျိုးစုံ၊ ESport၊ ဘိုးလင်း၊ Sambo အပါအဝင်  အားကစားနည်း ခြောက်မျိုး အဆိုပြုထားကြောင်း သိရသည်။

"ပြီးခဲ့တဲ့အစည်းအဝေးမှာ ဗီယက်နမ်အိုလံပစ်ကော်မတီက သူတို့ ထည့်သွင်းကျင်းပမယ့် အားကစားနည်းတွေကို ပဏာမအဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေ အနေနဲ့ ထည့်သွင်းကျင်းပလိုတဲ့ အားကစားနည်းတွေကို ပြန်လည် အဆိုပြုရမှာဖြစ်ပြီး သူတို့က ထပ်တိုးကျင်းပခြင်းရှိမရှိ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အားကစားနည်းသုံးမျိုး အဆိုပြုထားပါတယ်။ လာမယ့်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သူတို့ထုတ်ပြန်ထားတဲ့ အားကစား နည်း ၃၆ မျိုးက ပါဝင်လာဖို့ သေချာသလောက်ရှိပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေက တောင်းဆိုတဲ့ အားကစားနည်းတွေကတော့ အကုန်လုံးပါဝင်လာမှာ မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ အနေအထားနဲ့ ချိန်ဆပြီးမှ ထည့် သွင်းကျင်းပမှာ ဖြစ်ပါတယ်" ဟု အား/ကာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံက ထုတ်ပြန်ထားသည့် အားကစားနည်းများတွင် ၎င်းတို့အားသာသော တိုက်ခိုက်ရေး ပြိုင်ပွဲအများစုပါဝင်လာပြီး ဆီးဂိမ်းစ် ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပဖူးသည့် အားကစားနည်းများသာ ပါဝင်လာ ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေ ဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို ၂၀၀၃ ခုနှစ် က အိမ်ရှင်အဖြစ် နောက်ဆုံးလက်ခံကျင်းပခဲ့ပြီး ၁၈ နှစ်အကြာတွင် ပြန်လည်ကျင်းပခွင့်ရခြင်းဖြစ်သည်။ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲစတင်ရန် တစ်နှစ်ကျော်သာ လိုတော့သော်လည်း မြန်မာအားကစားအဖွဲ့များ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် စခန်းဝင်လေ့ကျင့်နိုင် ခြင်းမရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent