MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို MNL ပြိုင်ပွဲအပြီးတွင် ဆက်လက်ကျင်းပနိုင်ရန် မြန်မာနေရှင်နယ်လိဂ် စီစဉ်နေ

MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို MNL ပြိုင်ပွဲအပြီးတွင် ဆက်လက်ကျင်းပနိုင်ရန် မြန်မာနေရှင်နယ်လိဂ် စီစဉ်နေ
Photo: MNL
Photo: MNL
Published 23 August 2020

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရပ်နားထားရသည့် ပြည်တွင်းဘောလုံးပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲကို သြဂုတ် ၂၂ ရက်မှစ၍ ပြန်လည်ကျင်းပလျက်ရှိပြီး MNL-2 ပြိုင်ပွဲကို MNL ပြိုင်ပွဲပြီးဆုံးသည့် အောက်တိုဘာ ၃ ရက်နောက်ပိုင်း ဆက်လက်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

 

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေး ပြိုင်ပွဲကို MNL ပြိုင်ပွဲအပြီးတွင် ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုနှစ် MNL-2 ပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပထမအကျော့အပြီးတွင် ရပ်နားထားရခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရပ်နားထားရသည့် ပြည်တွင်းဘောလုံးပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲကို သြဂုတ် ၂၂ ရက်မှစ၍ ပြန်လည်ကျင်းပလျက်ရှိပြီး MNL-2 ပြိုင်ပွဲကို MNL ပြိုင်ပွဲပြီးဆုံးသည့် အောက်တိုဘာ ၃ ရက်နောက်ပိုင်း ဆက်လက်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

" MNL ပြိုင်ပွဲပြီးရင် MNL-2 ပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။  အောက်တိုဘာမှာ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရမှာပါ။ Camp Quarantine နေထိုင်ရမယ့် အပြင် ရောဂါစစ်ဆေးတာတွေလည်း ပြုလုပ်ရမှာဖြစ်ပါတယ်" ဟု MNL အမှုဆောင်အရာ ရှိချုပ် ဦးစိုးမိုးကျော် ပြောကြားခဲ့သည်။

MNL ပြိုင်ပွဲတွင် တန်းတက်၊ တန်းဆင်း စနစ် ကျင့်သုံးနိုင်ရန် MNL-2 ပြိုင်ပွဲကို ပြီး ဆုံးအောင် ကျင်းပရမည်ဖြစ်ပြီး ပထမအကျော့အပြီးတွင် တန်းတက်ခွင့်ရရန် Chinland နှင့် မြဝတီအသင်းတို့ အခြေအနေအကောင်းဆုံး ဖြစ်နေသည်။ ပထမအကျော့အပြီးတွင် Junior Lions၊ Chinland နှင့် မြဝတီအသင်း တို့ ၁၈ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်အသာဖြင့် Junior Lions အသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သို့သော် Junior Lions အသင်းသည် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်း အတွေ့အကြုံ ရစေရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သော ကြောင့် တန်းတက်ကစားမည်မဟုတ်ရာ တန်းတက်ခွင့်နှစ်နေရာအတွက် Chinland နှင့် မြဝတီအသင်းတို့က အလားအလာကောင်း နေခြင်းဖြစ်သည်။ Junior Lions အသင်း သည် ချန်ပီယံဖြစ်ပါက ဆုဖလားသာ လက်ခံရယူမည်ဖြစ်ပြီး ဆုကြေးငွေရရှိမည်မဟုတ် ကြောင်း သိရသည်။

MNL-2  ပြိုင်ပွဲတွင် အသင်းရှစ်သင်းသာရှိသောကြောင့် ဒုတိယအကျော့အတွက် ပွဲစုစုပေါင်း ၂၈ ပွဲ ကစားရမည်ဖြစ်ပြီး ရက် ၂၀ ကျော်အတွင်း အပြီးကျင်းပနိုင်ဖွယ်ရှိနေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် လက်ရှိကျင်းပနေသည့် MNL ပြိုင်ပွဲအပေါ်မူတည်၍ အခြားပြိုင်ပွဲများကို လည်း ကျင်းပခွင့်ပြုမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ယခုရာသီတွင် MNL ပြိုင်ပွဲပြီးပါက MNL-2  ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ထပ်မံကျင်းပရန် ကျန်ရှိနေ ကြောင်း သိရသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကိုလည်း အစောဆုံး နိုဝင်ဘာမှသာ ကျင်းပနိုင်ဖွယ်ရှိသည်။

Most Read

Most Recent