တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၄၀ ခန့်မှ ခေါင်းဆောင်များ ​​နေပြည်တော်တွင် ယနေ့တွေ့ဆုံမည်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၄၀ ခန့်မှ ခေါင်းဆောင်များ ​​နေပြည်တော်တွင် ယနေ့တွေ့ဆုံမည်
Published 14 August 2020
ဉာဏ်လင်းထွန်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီ ၄၀ နီးပါးမှ ခေါင်းဆောင်များနှင့် ​နေပြည်တော်တွင် ယနေ့ (သြဂုတ် ၁၄ ရက်) တွေ့ဆုံရန်ရှိကြောင်း တွေ့ဆုံမှုတွင် ပါဝင်မည့် နိုင်ငံရေးပါတီအချို့ထံမှ သိရသည်။

“၃၉ ပါတီလို့ ​ကြားတယ်။ အရင်ထက် များလာတာပေါ့။ ဒီရွေးကောက်ပွဲက လွတ်လပ်တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ် ဆိုတာကို​​မြင်တဲ့ နိုင်ငံရေးပါတီတွေ၊ ဒီကော်မရှင်က အနေအထားက အင်မတန်မှ ဘက်လိုက်​​​​နေပြီးတော့ ဘယ်လိုမှ ယုံ​ကြည်စရာမရှိဘူးလို့ ယုံ​ကြည်တဲ့ နိုင်ငံရေးပါတီတွေပါမှာပေါ့” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည့် အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

တွေ့ဆုံမှုကို ပါတီအနေဖြင့် ဦးဆောင်ဖိတ်ကြားခြင်း မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်း ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“ကျွန်တော်သိသလောက်က တပ်ချုပ်ရုံးကနေ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားတာလို့ သိပါတယ်။ ဘာခေါင်းစဉ်မှတော့ မပါပါဘူး။ မနက်ဖန် တက်ရောက် ဆွေးနွေးတဲ့အခါမှ သိရမှာပါ” ဟု ၎င်းကဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည့်ပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“ဘယ်က ဖိတ်တာလဲ ဆိုတာတော့ မသိဘူး။ ကျွန်တော့်ကိုတော့ NDF က ဦးခင်မောင်ဆွေတို့ ဖုန်းဆက်တယ်။ ဆက်တော့ ကျွန်တော် ပြောလိုက်တယ်။ ဒီတစ်ခါတော့ ကျွန်တော် မတက်တော့ဘူးလို့။ ရွေးကောက်ပွ​ဲက နီးပြီလို့ ရွေးကောက်ပွဲပြီးမှ ဘယ်လိုလုပ်မလဲဆိုတာ ပြန်စဉ်းစားမယ်လို့ အဲဒီလိုပဲ ပြောလိုက်တယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည့် အခမ်းအနားသို့ မည်သည့်ပါတီများကို ဖိတ်ကြားသည်ဆိုသည့် မူဝါဒ အသေးစိတ်ကို မသိရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက BBC မြန်မာပိုင်းသို့ ပြောကြားထားသည်။

အဆိုပါ တွေ့ဆုံမှုကို မည်သည့်နေရာတွင် ပြုလုပ်မည်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိသေးသော်လည်း ယခင် ပထမအကြိမ် တွေ့ဆုံမှုအတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာနှင့် အချိန်အားဖြင့် မွန်းလွဲပိုင်းတွင် တွေ့ဆုံရန် ဖြစ်နိုင်ခြေများသည်ဟု နိုင်ငံရေးပါတီ တာဝန်ရှိသူအချို့က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံမှုသည် ဒုတိယအ​​ကြိမ်မြောက် တွေ့ဆုံမှု​​ ဖြစ်​​ပြီး အနေဖြင့် ၂၀၁၉ မတ် ၂၂ ရက်က ပထမအကြိမ် တွေ့ဆုံခဲ့သည်။

ထိုစဉ်က တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီ ၃၂ ပါတီပါဝင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး တွေ့ဆုံမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ နိုင်ငံရေးပါတီများကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။