‘၀’ အမျိုးသားပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်းခုနစ်မြို့နယ်တွင် ၂၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထား

‘၀’ အမျိုးသားပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်းခုနစ်မြို့နယ်တွင် ၂၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထား
Published 13 August 2020
စည်သာ (တောင်ကြီး)

“၀’’ အမျိုးသားပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ခုနစ်မြို့နယ် တွင် ၂၁ နေရာ ဝင်ပြိုင်သွားရန် လျှောက်လွှာ တင်ထားကြောင်း ‘‘၀’’အမျိုးသားပါတီ အ တွင်းရေးမှူးထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ‘‘၀’’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်း နှစ်မြို့နယ် အပြည့်ဖြစ်ကာ ကျန်မြို့နယ်များဖြစ်သော တန့်ယန်းတွင်အပြည့်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းတုံတို့တွင်လည်း ဝင်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်ပေါင်း ခုနစ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁ နေရာ လျှောက်လွှာတင်ထားကြောင်း သိရသည်။

‘‘အားလုံး ခုနစ်မြို့နယ် ၂၁ နေရာပေ့ါ။ ပါတီကြီးတွေကလည်း ဝင်လာတာဆိုတော့ မလွယ်ဘူး။ NLD တို့၊ USDP တို့လည်း အပြည့်ဝင်တာပဲ။ ကျွန်တော်တို့ပါတီ ပြန်စုစည်းတာလည်း အချိန်ကပ်သွားတာ နောက်ကျတာပေါ့။ ကိုဗစ်လည်း ရှိခဲ့တယ်။ ပါတီတည်ထောင်ခါစဆိုတော့ ဘဏ္ဍာရေး အကျပ်အတည်းလည်းရှိတယ်။ အောက်ခြေထိ ဆင်းဖို့ကလည်း အရင်တုန်းက တစ်ပါတီချင်းစီ ဆင်းခဲ့ဖူးပေမဲ့ စုစည်းပြီးမှ မဆင်းနိုင်သေးဘူး။ တိုင်းရင်းသား အများဆန္ဒ အတိုင်းပါပဲ။ တန်းတူအခွင့်အရေးကလေ။ အဓိကတော့ ကျွန်တော်တို့ ဒေသတွေ အပါအဝင် တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးဖို့ပေ့ါလေ။ ငြိမ်းချမ်းဖို့ပေ့ါ၊ တိုင်းရင်းသားတွေက သိတဲ့အတိုင်းပဲ စိတ်ဝင်စားမှုရှိတဲ့သူက ရှိတယ်ဗျာ။ မရှိသူက မရှိဘူး။ အရင်သက်တမ်းတွေတုန်းက နိုင်ငံရေးအမြင်ဖွင့် သင်တန်းတွေလုပ်ဖို့ ကျပ်တည်းခဲ့တယ်။ နောက်ပိုင်း အမြင်ဖွင့်သင်တန်း များများလုပ်မှပဲ ကောင်းမယ့် အနေအထား ရှိတာပေ့ါ။ ‘‘၀’’ တိုင်းလေးမြို့နယ်မှာ ခုချိန်ထိ မဲမပေးနိုင်တာ နိုင်ငံတော်လူကြီးတွေ ညှိနှိုင်းနိုင်ရင် အကောင်းဆုံးပေါ့။ သူတို့မှာပဲ အဓိက မူတည်တယ်။ အချိန်ကာလ အကန့်အသတ်နဲ့ ဖြေဖို့တော့ခက်တယ်။ နိုင်ငံတော်ရဲ့ ချဉ်းကပ်ပုံနဲ့ အများကြီး မူတည်တယ်။ ကြာချင်လည်းကြာမယ်။ မြန်ချင်လည်းမြန်မယ်။ ကျွန်တော်တို့ကတော့ တာဝန်ပေးလာရင်ဖြစ်ဖြစ် လက်လှမ်းမှီရင်ဖြစ်ဖြစ် အချိန်မရွေး အားတက်သရော ငြိမ်းချမ်းဖို့ ရွေးကောက်ပွဲလုပ်နိုင်ဖို့က ဆန္ဒရှိတာပေ့ါလေ။ ခုက တစ်ပါတီပဲရှိတော့ အခြေအနေ တော်တော်လေး ကောင်းပါတယ်။ တစ်ပါတီချင်းစီ သုံးပါတီလောက် ရှိတာကိုး။ ခွဲပြီးသွားရင် ပိုရမလားထင်ပေမဲ့ လက်တွေ့မှာ အလုပ်မဖြစ်ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး လုပ်ရတာ ကျပ်တည်းတာပေ့ါ။ ခုတော့ တစ်ပါတီတည်းဖြစ်ပြီ ဆိုတော့ အခြေအနေ ကောင်းပါတယ်။ နိုင်ငံရေးရေချိန်မြင့်တာ အောက်ခြေမှာ အချိန်သိပ် မဆင်းနိုင်သေးဘူးလေ။ ဆင်းနိုင်ရင်တော့ အရမ်းကောင်းမှာပါ။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီကို လျှောက်လှမ်းနေတာ အရမ်းအရေးကြီးပါတယ်။ ရေတစ်စက်ကနေ ပင်လယ်ဖြစ်သလိုပေါ့။ ပြည်သူတွေလည်း အဲဒီလို သဘောပေါက်ဖို့ လိုတာပေါ့။ ငါမထည့်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အမြင်ရှိနေသရွေ့ မကောင်းဘူးပေါ့။ မဲပေးတာ တကယ်ကို အရေးကြီးတယ်။ တိုင်းပြည်ရဲ့ အသွင်ပြောင်းမှုပဲဖြစ်ဖြစ် တွန်းအားပေးနိုင်တယ်ဆိုတာ မဲပေးဖို့ အရေးကြီးတာပေါ့’’ ဟု ‘‘၀’’အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးဆိုင်နပ်က ပြောကြားသည်။

‘‘၀’’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) က ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းစသည့် လေးမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိကြရာ မဲပေးနိုင်ခြင်း မရှိကြသဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက်အဖြစ် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

‘‘၀’’ အမျိုးသားပါတီကို ‘‘၀’’ ဒီမိုကရက် တစ်ပါတီ၊ ‘‘၀’’အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ‘‘၀’’လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ သုံးပါတီကို ပြည်သူလူထု သဘောဆန္ဒအရ ပေါင်းစည်းခဲ့ကာ၊ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပါတီပေါင်းစည်းရေး လုပ်လိုက်ပြီး ၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် UEC ထံ လျှောက်ထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် နိုင်ငံရေးပါတီ မှတ်ပုံတင် ၁၂၈ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘‘၀’’ပါတီများ ကွဲပြားနေလျှင် မဲမပေးတော့ဟု ပြည်သူလူထု တောင်းဆိုချက်အရ ‘‘၀’’ ပါတီသုံးခုကို ပူးပေါင်းတည်ထောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းစသည့် မြို့နယ်ခြောက်ခုကို ခရိုင်နှစ်ခု ခွဲခြား၍ ‘‘၀’’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်နှင့် မက်မန်းမြို့နယ်များကို အစိုးရက ထိန်းချုပ်၍ အခြားကျန်ရှိသော မြို့နယ်ပေါင်းလေးခုကို ‘‘၀’’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။