ဖွင့်လှစ်ခွင့်မရသေးသော အခြေခံပညာ အထက်တန်းကျောင်း ၃၀၀၀ ကျော်ရှိ

ဖွင့်လှစ်ခွင့်မရသေးသော အခြေခံပညာ အထက်တန်းကျောင်း ၃၀၀၀ ကျော်ရှိ
အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သည့် ဇူလိုင် ၂၁ ရက်တွင် ကျောင်းတက်ရောက်သူများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သည့် ဇူလိုင် ၂၁ ရက်တွင် ကျောင်းတက်ရောက်သူများကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 13 August 2020
လွင်မျိုးသူ

ပြန်လည်ဖွင့်လှစ်ခွင့် မရရှိသေးသော အခြေခံပညာ အထက်တန်းကျောင်း ၃၀၀၀ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရန်အတွက် သတ်မှတ်ချက်များ လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး လိုက်နာမှု မရှိသေးသည့် အခြေခံပညာ အထက်တန်းကျောင်း ၃၀၁၇ ကျောင်းကို ဖွင့်လှစ်ခွင့် မပြုသေးကြောင်း သိရသည်။

အခြေခံပညာကျောင်းများကို စစ်ဆေးရာတွင် အဆင့်အလိုက် အေ၊ ဘီ၊ စီ သတ်မှတ်ပြီး အေ အဆင့်ရမှသာ ကျောင်းဖွင့်လှစ်ခွင့် ပေးခဲ့သည်။

ဘီ နှင့် စီအဆင့် ရရှိသည့် ကျောင်းများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်ပြီးမှ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။

အေအဆင့်ရရှိကာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိသည့် အခြေခံပညာ အထက်တန်း ကျောင်း ၄၁၅၆ ကျောင်းရှိသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ အထက်တန်းကျောင်း ၇၁၇၃ ကျောင်းရှိပြီး စစ်ဆေးပြီးသည့် ကျောင်း ၇၁၁၁ ကျောင်းရှိကာ ၄၁၅၆  ကျောင်းကို ဖွင့်လှစ်ခွင့် ပြုထားသည်။

ကိုဗစ်ကြောင့် ရွှေ့ဆိုင်းထားသော စာသင်ကျောင်းများကို ဇူလိုင်၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ ဖွင့်လှစ်ရာတွင်လည်း အထက်တန်း နှစ်တန်းဖြစ်သည့် သင်ရိုးသစ် ဒသမတန်း (Grade-10) နှင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) များကိုသာ စတင်ဖွင့်လှစ်ခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသူ ကျောင်းသား၊ ဆရာဆရာမ တို့အား Social Distancing နည်းအရ အနည်းဆုံး ခြောက်ပေကွာခြားရန် ညွှန်ကြားထားပြီး စာသင်ကျောင်းများတွင် ဆပ်ပြာ၊ လက်ဆေးဂျယ်(Hand SanitizerGel)၊ သန့်စင်ခန်း၊ ကိုယ်ပူချိန်တိုင်း ကိရိယာ (Infrared Thermometer) များ ဖြည့်ဆည်းထားကြောင်း သိရသည်။

စာသင်ချိန်များကိုလည်း နဂိုက ရှစ်ချိန်ရှိရာမှ ယခုငါးချိန်ထိ လျှော့ချထားကြောင်း သိရသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက်ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးက သတ်မှတ်ထားသည်။

ကိုယ်ပိုင်ကျောင်း ၁၀၀၀ ကျော်ကိုလည်း ဖွင့်လှစ်ခွင့်ပြုထားသည်။

သို့သော် အဆောင်များနှင့် တွဲလျက် ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ကျောင်းများကိုမူ ဖွင့်လှစ်ခွင့် မပြုထားသေးပေ။ အထက်တန်းများ ကျောင်းအပ်လက်ခံရေး သီတင်းပတ်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။

ကျောင်းအပ်နှံသည့် ကျောင်းသူ ကျောင်းသားများအား အခမဲ့ပညာရေးစနစ်အရ မူလတန်းကျောင်းသားများကို ပြဋ္ဌာန်းစာ အုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်နှင့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများကို ပြဋ္ဌာန်းစာအုပ် တစ်စုံစီ ထောက်ပံ့ပြီး ယခုနှစ်တွင် ကိုဗစ်ဗိုင်းရပ်စ် ပျံနှံ့မှုကြောင့် ကျောင်းသူ ကျောင်းသားများနှင့် ဆရာဆရာမများကို အဝတ်နှာခေါင်းစည်း Mask နှစ်ခုစီနှင့် မျက်နှာကာ (Face Shield)တစ်ခုစီ အခမဲ့ ပေးလျက်ရှိသည်။

 

Most Read

Most Recent